ပရီးမီးယားလိဂ် အင်အားကြီးအသင်း တသင်း ဖြစ်တဲ့ မန်ချက်စတာ ယူနိုက်တက်အသင်းဟာ လစ်လပ်နေတဲ့ သူတို့အသင်းရဲ့ အမြဲတမ်း နည်းပြနေရာ အတွက် အေဂျက်နည်းပြ တန်ဟက်ဂ် ၊ ပီအက်စ်ဂျီနည်းပြ ပိုချက်တီနိုနဲ့ လက်စတာနည်းပြ ဘရန်ဒန် ရော်ဂျာတို့ထဲက တဦးကို ခန့်အပ်ဖို့ စီစဉ်ထားကြောင်း မန်ချက်စတာ ယူနိုက်တက်အသင်းရဲ့ အမည်မဖော်လိုတဲ့ တာဝန်ရှိသူ တဦးက ပြောကြားခဲ့ကြောင်း သိရပါတယ်။

မန်ချက်စတာ ယူနိုက်တက် အသင်းဟာ ယခုနှစ် ဘောလုံးရာသီ အစမှာ ရိုနယ်ဒို ၊ ဆန်ချို ၊ ဗာရန်းတို့လို ထိပ်တန်းအဆင့် ကစားသမားတွေကို ခေါ်ယူခဲ့ပေမယ့် ရလဒ်ကောင်းတွေ ရရှိဖို့ ရုန်းကန်ခဲ့ရတာကြောင့် အသင်းရဲ့ နည်းပြဖြစ်သူ အိုလေဂန်နာ ဆိုးလ်ရှားကို ရာထူးကနေ ထုတ်ပယ်ခဲ့ပြီး ဂျာမန် ဘောလုံးဂုရုကြီး ရက်ဖ် ရန်းဂ်နစ်ကို ၆လစာချုပ်နဲ့ ယာယီနည်းပြ အဖြစ် ခန့်အပ်ခဲ့ပါတယ်။

Photo Credit: The Mirror

ရန်းဂ်နစ်ဟာ မန်ချက်စတာ ယူနိုက်တက်အသင်းရဲ့ ယာယီနည်းပြ အဖြစ် ၆လ တာဝန်ယူပြီးချိန်မှာ အသင်းရဲ့ အကြံပေး ဒါရိုက်တာ တဦး အဖြစ် ပြောင်းလဲ လုပ်ကိုင်ဖို့ ရှိနေတာကြောင့် မန်ချက်စတာ ယူနိုက်တက်အသင်းရဲ့ တာဝန်ရှိသူတွေက အသင်းကို ကာလရှည် ကိုင်တွယ်နိုင်သလို တိုက်စစ် အသားပေး ကစားဟန်ကို အသုံးပြုကာ ဆုဖလားတွေကို စိန်ခေါ်နိုင်မယ့် ထိပ်တန်း နည်းပြတဦးကို စတင် ရှာဖွေနေပါတယ်။

နာမည်ကြီး သတင်းဌာန တခု ဖြစ်တဲ့ Telegraph သတင်းဌာနရဲ့ ဖော်ပြချက်အရ မန်ချက်စတာ ယူနိုက်တက် အသင်းဟာ အမြဲတမ်းနည်းပြ အဖြစ် အေဂျက်နည်းပြ တန်ဟက်ဂ်နဲ့ ပီအက်စ်ဂျီနည်းပြ ပိုချက်တီနိုတို့ကို ခေါ်ယူ ခန့်အပ်ဖို့ ပစ်မှတ်ထားနေပြီး သူတို့နှစ်ဦးကို မခေါ်ယူနိုင်ပါက လက်စတာနည်းပြ ဘရန်ဒန် ရော်ဂျာကို ခေါ်ယူဖို့ စီစဉ်ထားကြောင်း သိရပါတယ်။

Photo Credit: The Mirror

အမည်မဖော်လိုတဲ့ မန်ချက်စတာ ယူနိုက်တက် အသင်းရဲ့ တာဝန်ရှိသူ တဦးကလည်း အဆိုပါ သတင်းဟာ မှန်ကန်ကြောင်း အတည်ပြုပေးထားပြီး အေဂျက်နည်းပြ တန်ဟက်ဂ်က မန်ချက်စတာ ယူနိုက်တက်အသင်းရဲ့ နည်းပြသစ် ဖြစ်လာဖို့ ရာခိုင်နှုန်း များနေကြောင်းလည်း ပြောဆိုခဲ့ပါတယ်။

အေဂျက်အသင်းကို ချန်ပီယံလိဂ် ဆီမီးဖိုင်နယ်အဆင့် အထိ ရောက်ရှိအောင် ဦးဆောင်ပေးနိုင်ခဲ့တဲ့ တန်ဟက်ဂ်ဟာ မကြာသေးမီကပဲ အေဂျက်အသင်းရဲ့ စာချုပ်သစ် ကမ်းလှမ်းမှုကို ငြင်းဆန်ထားသူ ဖြစ်ပြီး အေဂျက်အသင်းကို စွန့်ခွာကာ မန်ချက်စတာ ယူနိုက်တက် အသင်းဆီ ပြောင်းရွှေ့ဖို့ စဉ်းစားထားကြောင်း နယ်သာလန် အခြေစိုက် သတင်းဌာနတွေက အခိုင်အမာ ဖော်ပြထားကြပါတယ်။