ပရီးမီးယားလိဂ် နာမည်ကြီး အသင်း တစ်သင်း ဖြစ်တဲ့ မန်ယူအသင်းဟာ သူတို့အသင်းရဲ့ နွေရာသီ နံပါတ်တစ် ပစ်မှတ်ဖြစ်တဲ့ ဒေါ့မွန်အသင်းရဲ့ လူငယ် တောင်ပံ ကစားသမား ဆန်ချိုအတွက် စုစုပေါင်း တန်ကြေး ယူရို ၁၂၀ သန်း ရှိတဲ့ ပြောင်းရွှေ့ကြေး တစ်ရပ်နဲ့ ဒေါ့မွန်အသင်းဆီ ကမ်းလှမ်းမှု ပြုလုပ်တော့မယ် လို့ သိရှိ ရပါတယ်။ အသက် ၂၀ အရွယ်သာ ရှိသေးတဲ့ အင်္ဂလန် လူငယ် တောင်ပံ ကစားသမား ဆန်ချိုဟာ ပြီးခဲ့တဲ့ ဘောလုံးရာသီမှာ ဒေါ့မွန်အသင်း အတွက် ပြိုင်ပွဲစုံမှာ သွင်းဂိုး ၂၀ ဂိုးဖန်တီးမှု ၂၀ ပြုလုပ်နိုင်ခဲ့တဲ့ ကစားသမား ဖြစ်ပြီး သူ့ရဲ့ ခြေစွမ်းတွေကြောင့်ပဲ မန်ယူအသင်းရဲ့ နည်းပြဖြစ်သူ ဆိုးလ်ရှားဟာ သူ့ကို အသင်းရဲ့ တိုက်စစ်ပိုင်းမှာ နေရာပေးဖို့ အလိုရှိနေတာပါ။

Photo Credit: Marca

ဒေါ့မွန်အသင်း ကတော့ ဆန်ချိုကို ပြောင်းရွှေ့ကြေး ယူရို ၁၂၀ သန်း ရရှိမှသာ ရောင်းချသွားမယ်လို့ ယတိပြတ် ပြောဆိုထားခဲ့ကာ မန်ယူအသင်းကတော့ ပြီးခဲ့တဲ့ ရက်သတ္တပတ် အတွင်းမှာ ဆန်ချိုအတွက် ဒေါ့မွန်အသင်းဆီ ပဏာမ ကမ်းလှမ်းမှု၂ခု ပြုလုပ်ခဲ့ပေမယ့် ဒေါ့မွန်အသင်း ကတော့ အဆိုပါ ကမ်းလှမ်းမှု ၂ကြိမ်စလုံးကို ပယ်ချခဲ့ကြောင်း ဂျာမန်အခြေစိုက် သတင်းဌာနတွေက ဖော်ပြ သွားကြပါတယ်။ ယနေ့မနက်မှာ ထွက်ပေါ်လာတဲ့ သတင်းတွေ အရတော့ ဆန်ချိုဟာ မန်ယူအသင်းနဲ့ ပုဂ္ဂိုလ်ရေးအရ သဘော တူညီမှု ရရှိထားသလို အပြောင်းအရွှေ့ ခပ်မြန်မြန် ဖြစ်ပေါ်လာစေဖို့ သူ့ရဲ့ အေးဂျင့်ကို ပြောဆို ခိုင်းထားပြီး နှစ်သင်းကြားမှာ သဘောတူညီမှု ရရှိစေဖို့ ဆန်ချိုရဲ့ အေးဂျင့်ဟာ ဝင်ရောက် လုပ်ကိုင် ပေးနေကြောင်း သိရှိရပါတယ်။

Photo Credit: Marca

နာမည်ကြီး သတင်းဌာန တစ်ခု ဖြစ်တဲ့ The Times သတင်းဌာနရဲ့ အဆိုအရ မန်ယူအသင်း ဟာ ဆန်ချိုအတွက် တရားဝင် ကမ်းလှမ်းမှု တစ်ခုကို ပြုလုပ်ဖို့ နီးစပ်လာပြီး အဆိုပါ ကမ်းလှမ်းမှုဟာ ကနဦး ပြောင်းရွှေ့ကြေး ယူရို ၉၅ သန်း + ဆန်ချိုရဲ့ စွမ်းဆောင်ရည်အပေါ် မူတည်ပြီး ပေးချေမယ့် ဆုကြေး ယူရို ၁၅ သန်း စုစုပေါင်း ယူရို ၁၂၀ သန်း တန်ကြေးရှိကြောင်း သိထား ရပါတယ်။ ဒေါ့မွန်အသင်းဟာ ပြောင်းရွှေ့ကြေး ယူရို ၁၂၀ သန်း ရရှိပါက ဆန်ချိုကို ရောင်းချသွားမယ် လို့ ဆိုထားတာကြောင့် မန်ယူအသင်းရဲ့ ကမ်းလှမ်းမှုဟာ ဒေါ့မွန်အသင်း လိုချင်တဲ့ ပမာဏနဲ့ နီးစပ် နေတာကြောင့် ဒေါ့မွန်အသင်းဟာ အဆိုပါ ကမ်းလှမ်းမှုကို လက်ခံဖွယ် ရှိကြောင်းလည်း ဘောလုံးသုတေသီတွေက သုံးသပ် ခန့်မှန်းထားကြပါတယ်။