ပြီးခဲ့တဲ့ ဘောလုံးရာသီတုန်းက Selhurst Park ကွင်းမှာ ကစားခဲ့တဲ့ ခရစ္စတယ် ပဲလေ့စ်နဲ့ မန်ချက်စတာ ယူနိုက်တက်အသင်းတို့ရဲ့ ပရီးမီးယားလိဂ် ပွဲစဉ်မှာ အိမ်ရှင် ပဲလေ့စ်က ယူနိုက်တက်အသင်းကို (၄)ဂိုး ဂိုးမရှိဆိုတဲ့ အပြတ်အသတ် ရလဒ်ကြီးတစ်ရပ်နဲ့ အနိုင်ရထားခဲ့ပါတယ်။

ဒီရှုံးပွဲက နည်းပြ အဲရစ် တန်ဟက်ဂ်လက်ထက် မန်ယူနိုက်တက်အသင်းရဲ့ အကြီးမားဆုံး ရှုံးပွဲတွေက တစ်ခု ဖြစ်စေခဲ့သလို ဒီရှုံးပွဲကြောင့်ပဲ တန်ဟက်ဂ်ရဲ့ အနာဂတ် အခြေအနေတွေပါ အတော်လေးကို လှုပ်ခတ်သွားခဲ့ရပါသေးတယ်။ ဒါပေမယ့် အဲ့ဒီပွဲတုန်းက ယူနိုက်တက်မှာ ဒဏ်ရာရနေတဲ့ ကစားသမားတွေ အတော်လေး များနေရပြီး ဗဟိုခံစစ်မှာဆိုရင် ကက်စီမဲရိုးနဲ့ ဂျွန်နီ အီဗန်စ်တို့ကိုပါ တွဲဖက် အသုံးပြုခဲ့ရပါတယ်။

Photo Credit : The Independent

လက်ရှိမှာတော့ ပဲလေ့စ်နဲ့ ယူနိုက်တက်တို့က မနက်ဖြန်မှာပဲ Selhurst Park မှာ ပြန်လည် တွေ့ဆုံကြတော့မှာဖြစ်ပြီး အိမ်ရှင် ပဲလေ့စ်ကတော့ ဒီရာသီ ပရီးမီးယားလိဂ် (၄)ပွဲကစားထားပြီးချိန် နိုင်ပွဲလုံးဝ မရှိထားသေးပဲ ရုန်းကန်နေရပေမယ့် ယူနိုက်တက်က (၂)ပွဲနိုင် (၂)ပွဲရှုံးနဲ့ ရမှတ် (၆)မှတ် ရထားခဲ့ပါတယ်။

ဒါ့အပြင် နိုင်ငံတကာ ရက်သတ္တပတ်အပြီး ကလပ်အသင်းပွဲတွေ ပြန်လည် စတင်ချိန်မှာပဲ ယူနိုက်တက်က ဆောက်သမ်တန်နဲ့ ပရီးမီးယားလိဂ်ပွဲမှာ (0-3) ဘန်စလေနဲ့ လိဂ်ဖလား တတိယအဆင့်ပွဲမှာ (7-0) ဆိုတဲ့ ဂိုးပြတ်ရလဒ်တွေ အပြတ်အသတ် အနိုင်ယူလို့ထားပြီး ကစားသမားတွေကလည်း အကုန်လုံးနီးပါးလောက် ကြံခိုင်မှုတွေ ပြည့်ဝနေကြပါတယ်။

Photo Credit : Goal

ဒီပွဲနဲ့ ပတ်သက်ပြီး မနှစ်က ရလဒ်ရဲ့ ရိုက်ခတ်မှု ရှိလာနိုင်လားလို့ မေးခွန်းထုတ်ခံရတဲ့အခါ တန်ဟက်ဂ်က “မရှိနိုင်ဘူး။ သေချာပေါက် မရှိနိုင်ဘူး။ အဲ့ဒီတုန်းက (၄)ဂိုးပြတ်နဲ့ ထိုက်ထိုက်တန်တန် ရှုံးခဲ့တာ ဆိုပေမယ့်လည်း အခုပွဲက ခြားနားနေပါလိမ့်မယ်။ ဒီပွဲ(၂)ပွဲကို ခင်ဗျား နှိုင်းယှဉ်လို့ မရနိုင်ဘူး။ ဒီမှာ ကစားရတဲ့ပွဲတိုင်းက ခက်ခဲ ကြမ်းတမ်းတယ်ဆိုတာကို ကျွန်တော်တို့ သိတယ်။”

“ဒါပေမယ့် ကျွန်တော်တို့ အခြေအနေကိုလည်း သိထားရပါမယ်။ အဲ့ဒီတုန်းက ကျွန်တော်တို့မှာ fit ဖြစ်နေတဲ့ ကစားသမားအင်အားမျိုး ရှိမနေဘူး။ အခုအခြေအနေနဲ့က အတော်လေးကို ကွဲပြားနေတဲ့ ပုံစံလိုကို ဖြစ်ခဲ့တာ။ အခုက ကျွန်တော်တို့အသင်းဟာ ကျစ်လစ် တောင့်တင်းတဲ့ squad မျိုးလည်း ရှိနေပါပြီ။ အဲ့ဒီအချိန်တုန်းကတော့ ဖေဖော်ဝါရီလလောက်ကနေ စတင်ပြီး ပွဲထွက်ကစားသမား (၁၁)ဦးကို ရွေးချယ်ရတာ ခက်ခဲခဲ့ရတယ်။ အခုကတော့ (၁၈)ယောက် ရှိနေတာမို့ ကစားသမား ရွေးချယ်ရတာလည်း အဆင်ပြေလာရတယ်။” လို့ ပြောဆိုသွားခဲ့ပါတယ်။