မန်ချက်စတာယူနိုက်တက်အသင်းရဲ့ ဆယ်ကျော်သက်အရွှယ် လူငယ်တောင်ကပံကစားသမားလေး ဖာကန်ဒိုပယ်လစ်စထရီက အသင်းကို အင်္ဂလန်ကြယ်ပွင့် ကစားသမား ဂျေဒန်ဆန်ချို ရောက်ရှိလာခြင်းက သူ့အတွက် စီနီယာအသင်းကြီးမှာ ပုံမှန်နေရာ ရရှိဖို့ ခက်ခဲသွားခဲ့ရတာကြောင့် နောက်ဆုံးမှာ ပြီးခဲ့တဲ့ရာသီအတွင်း အငှားနဲ့ သွားရောက်ကစားခဲ့ဖူးတဲ့ လာလီဂါကလပ် အလာဗက်စ်အသင်းဆီကိုပဲ နောက်ထပ် တစ်ရာသီအငှားနဲ့ ပြောင်းရွှေ့ဖို့ အကြောင်းဖန်စေခဲ့ရတယ်လို့ ထုတ်ဖော်ပြောဆိုသွားခဲ့ပါတယ်။

Photo Credit : Manchester Evening News

အသက်(၁၉)နှစ်အရွှ့ယ်ရှိ ဥရုဂွေးတောင်ပံ ကစားသမားလေး ပယ်လစ်စထရီဟာ ၂၀၂ဝခုနှစ် နွေရာသီ အပြောင်းအရွှေ့စျေးကွက်ကမှ ဥရုဂွေးကလပ် ပင်နဲရိုးအသင်းကနေ ယူနိုက်တက်အသင်းဆီကို ပြောင်းရွှေ့ကြေး ယူရို(၁၀)သန်းနဲ့ ရောက်ရှိလာခဲ့တာဖြစ်ပြီး အသင်းမှာ ပုံမှန်နေရာရဖို့ မလွယ်ကူတာကြောင့် ရာသီဝက်အတွင်းမှာပဲ အလာဗက်စ်အသင်းဆီကို ရာသီကုန်အထိ အငှားနဲ့ ပြောင်းရွှေ့ဖြစ်ခဲ့ပါတယ်။ အလာဗက်စ်နဲ့ ရာသီဝက်အထိ ဖြတ်သန်းခဲ့တဲ့ ပယ်လစ်စထရီဟာ ဒီရာသီရဲ့ ရာသီကြို ခြေစမ်းပွဲတွေမှာ အသင်းအတွက် ပါဝင်ခွင့် ရရှိခဲ့ပြီး ဒါဘီနဲ့ပွဲစဉ်မှာလည်း သွင်းဂိုးပါ သွင်းယူနိုင်ခဲ့ပေမယ့် ယူနိုက်တက်အသင်းဘက်က ဒေါ့မွန်ကနေ ဆန်ချိုကို ခေါ်ယူဖြစ်ခဲ့တာကြောင့့် အသင်းမှာ ပယ်လစ်စထရီကို နေရာပေးဖို့ ခဲယဉ်းသွားခဲ့ရလို့ ပယ်လစ်စထရီလည်း အလာဗက်စ်အသင်းဆီကိုပဲ အငှားနဲ့ ထပ်မံပြောင်းရွှေ့ခဲ့ရတာ ဖြစ်ပါတယ်။

Photo Credit : Daily Mail

အလာဗက်စ်အသင်းဆီကိုသာ အငှားနဲ့ ထွက်ကစားခဲ့ရတာနဲ့ပတ်သက်ပြီး ပယ်လစ်စထရီက “စီနီယာအသင်းကြီးမှာ ပါဝင်နေရတုန်းက ကျွန်တော်ရဲ့ စိတ်ခံစားချက်တွေက အားကောင်းလာခဲ့တယ်။ စီနီယာအသင်းအတွက် ပါဝင်ခဲ့ရတဲ့ ဒါဘီအသင်းနဲ့ပွဲစဉ်မှာဆိုရင်လည်း ကျွန်တော် သွင်းဂိုးပါ သွင်းယူနိုင်ခဲ့သေးတယ်။ ကျွန်တော့်အတွက် ကစားသမားဘဝမှာ အခက်ခဲဆုံးသော ရာသီကြို ပြင်ဆင်မှုတစ်ခုလည်း ဖြစ်ခဲ့ရတယ်။ ရုပ်ပိုင်းဆိုင်ရာအရဆိုရင်လည်း အတော်လေးကို ဖိအားပေးခံရတယ်။ အသင်းရဲ့ လေ့ကျင့်ခန်း အစီအစဉ်တွေကလည်း တကယ့်ကို မြင့်မားလွန်းတယ်။ အသင်းကို ကစားသမားသစ်တွေ ရောက်ရှိလာတော့ အထူးသဖြင့် ကျွန်တော် ကစားတဲ့နေရာကို ဆန်ချို ရောက်ရှိလာတော့ အသင်းကနေ အငှားနဲ့ ထွက်ကစားတာက အကောင်းဆုံး ရွေးချယ်မှုတစ်ခု ဖြစ်လာလိမ့်မယ်လို့ပဲ ယူဆမိတယ်။ ကစားသမားတစ်ယောက်အတွက် အကောင်းဆုံးသော အရာက ပါဝင်ကစားရဖို့ပါပဲ။ လူငယ်ကစားသမားတစ်ဦးအတွက်ဆိုရင်တော့ အတွေ့အကြုံကောင်းတွေ ရရှိဖို့က အလိုအပ်ဆုံးပါပဲ” လို့ ရှင်းလင်းပြောဆိုသွားခဲ့ပါတယ်။