MySport Myanmar

ကိုင်စီဒို လက်သစ် ဆမ်ဘရာနိုကို အရ ခေါ်ယူသွားတော့မယ့် ယူနိုက်တက်

မန်ချက်စတာ ယူနိုက်တက်အသင်းဟာ အီကွေဒေါကလပ် LDU ကွီတိုအသင်းမှာ ပါဝင်ကစားနေတဲ့ အီကွေဒေါ ဆယ်ကျော်သက် ကွင်းလယ်ကစားသမားလေး အော်စကာ ဆမ်ဘရာနိုကို အရ ခေါ်ယူသွားဖို့ ပြင်ဆင်နေပြီပဲ ဖြစ်ပါတယ်။

ယူနိုက်တက်အသင်းဟာ ဒီ ဆောင်းရာသီ အပြောင်းအရွှေ့ ဈေးကွက်အတွင်းမှာပဲ ကစားသမား အင်အားဖြည့်တင်းမှုတွေ လုပ်ဆောင်ဖို့ ရှိနေပြီး အသင်းကွင်းလယ်ပိုင်းအတွက်ကိုလည်း ကစားသမားသစ်တွေ လိုက်လံ ရှာဖွေလျက် ရှိနေပါတယ်။

Photo Credit : Ole

လက်ရှိမှာလည်း ယူနိုက်တက်အသင်းဟာ အသက် (၁၉)နှစ်အရွယ်သာ ရှိနေသေးတဲ့ အီကွေဒါ လူငယ် ကွင်းလယ်ကစားသမားလေး ဆမ်ဘရာနိုကို အတော်လေး စိတ်ဝင်စားလျက် ရှိနေပြီး ဒီကစားသမားလေးကိုလည်း ဘုန်းမောက် နဲ့ လူတန်တောင်းတို့ကပါ အလိုရှိနေပါတယ်။

ဆမ်ဘရာနိုဟာ အီကွေဒေါ ယူ-၂၀ အသင်းမှာ ပွဲပေါင်း (၁၄)ပွဲအထိ ပါဝင်ထားခဲ့ဖူးသူဖြစ်ပြီး ၂၀၂၂ခုနှစ်ကတည်းကလည်း LDU ကွီတိုအသင်းအတွက် စတင် ကစားပေးခွင့် ရရှိလာသူလည်း ဖြစ်ပါတယ်။

Photo Credit : Studio Futbol

ဆမ်ဘရာနိုက သူရဲ့ အီကွေဒေါ စီနီယာ ကစားသမား မွိုက်စ် ကိုင်စီဒိုလို ကွင်းလယ် ခံစစ် ကစားသမားတစ်ဦးဖြစ်ပြီး ကစားတဲ့ နေရာချင်းရော ကစားပုံချင်း ဆင်တူနေလို့ ကိုင်စီဒိုလက်သစ်လို့ပါ ခေါ်ဆိုခံနေရပါတယ်။

ဒီလို ကိုင်စီဒို လက်သစ် ကစားသမားလေး ဆမ်ဘရာနိုကို ယူနိုက်တက်က ခေါ်ယူဖို့အတွက် ဂလေဇာဘက်ကရော ဆာဂျင်တို့ဘက်ကပါ မီးစိမ်းပြထားတာကြောင့် ဒီဆောင်းဈေးကွက်အတွင်းမှာပဲ အရ ခေါ်ယူသွားဖို့ ရှိနေပါတယ်။

Exit mobile version