MySport Myanmar

ရော်နယ်လ်ဒိုရဲ့ အင်တာဗျူးက သူတို့အပေါ်မှာပါ သက်ရောက်မှုတွေ ရှိခဲ့တယ်လို့ ဗာရန်း ဖွင့်ဟ

မန်ချက်စတာယူနိုက်တက်အသင်းနဲ့ ပြင်သစ်လက်ရွေးစင်အသင်းတို့ရဲ့ ဗဟိုနောက်ခံကစားသမား ရာဖယ်လ်ဗာရန်းက သူရဲ့ ယူနိုက်တက်အသင်းဖော် ခရစ္စတီယာနိုရော်နယ်လ်ဒို အင်တာဗျူးအတွင်း ပြောဆိုခဲ့တဲ့ စကားတွေဟာ သူတို့တွေအပေါ်မှာ သက်ရောက်မှု ရှိစေခဲ့ရတယ်လို့ ဖွင့်ဟပြောဆိုသွားခဲ့ပါတယ်။

Photo Credit : Daily Mail

ရော်နယ်လ်ဒိုဟာ နာမည်ကျော် အင်္ဂလန် ဂျာနယ်လစ် ပီယာ့စ်မော်ဂန်နဲ့ အင်တာဗျူး ပြုလုပ်ခဲ့စဉ်အတွင်း သူရဲ့ကလပ်အသင်းနဲ့ ပတ်သတ်ဆက်နွယ်နေတဲ့ အကြောင်းကိစ္စတွေကို ထုတ်ဖော်ပြောဆိုလာခဲ့ရာ ဒီပြောဆိုမှုတွေနဲ့ ပတ်သတ်ပြီး ယူနိုက်တက်ဘက်က ရော်နယ်လ်ဒိုရဲ့ အင်တာဗျူး အချက်အလက် အပြည့်အစုံကို အတည်ပြုကာ အသင်းဘက်က တုံ့ပြန်မှု လုပ်ဆောင်သွားမယ်လို့ တရားဝင် ထုတ်ပြန်ထားခဲ့ပါတယ်။ ရော်နယ်လ်ဒိုရဲ့ အင်တာဗျူးနဲ့ ပတ်သတ်ပြီးတော့ ယူနိုက်တက်အသင်းသားတွေကို မေးမြန်းမှုတွေ လုပ်ဆောင်လာခဲ့ရာ အသင်းဖော် ဗာရန်းက သူရဲ့ ထင်မြင်ချက်တွေကို ထုတ်ဖော်လာခဲ့ပါတယ်။

Photo Credit : The Indian Express

“အမှန်အတိုင်းပြောရရင် ဒီအင်တာဗျူးက ကျွန်တော်တို့အပေါ် သက်ရောက်မှုတွေ ရှိခဲ့တယ်။ ဘာတွေပြောခဲ့လဲ ဘာတွေဆက်ဖြစ်မလဲဆိုတာ ကျွန်တော်တို့ စောင့်ကြည့်နေတယ်။ ကျွန်တော်တို့တွေ ကိုယ့်နည်းကိုယ့်ဟန်နဲ့ အခြေအနေတွေ တည်ငြိမ်အောင် ကြိုးစားနေပါတယ်။ နောက်ပြီး ဒီကိစ္စတွေထဲမှာ ပါဝင်ခြင်း မရှိအောင်လည်း အတတ်နိုင်ဆုံး ကြိုးစားနေပါတယ်။ ခရစ္စတီယာနိုရော်နယ်လ်ဒိုလို ကြယ်ပွင့်တစ်ယောက်ရဲ့ ကိစ္စဖြစ်နေရင် တတ်နိုင်သမျှ ပိုပြီးဝေးနိုင်အောင် ကြိုးစားရပါမယ်။ ဆိုလိုတာက အခြေအနေတွေကို တစ်ယောက်တည်းနဲ့ ပြောင်းလဲသွားအောင် ကြိုးစားလို့ မရနိုင်ဘူးဆိုတာပါ။ ကျွန်တော် လိုချင်တဲ့အရာက ကျွန်တော့်အသင်းအတွက် အကောင်းဆုံးပဲ ဖြစ်စေချင်ပါတယ်။ ဒါကြောင့် အသင်းရဲ့ ဘယ်လို ဆုံးဖြတ်ချက်မျိုးပဲ ဖြစ်ပါစေ ကစားသမားတစ်ယောက်အနေနဲ့ အသင်းရဲ့ ဆုံးဖြတ်ချက်တိုင်းကို လိုက်နာသွားရမှာဖြစ်ပြီး ကျွန်တော်တို့ လုပ်နိုင်သမျှ အကောင်းဆုံး ပေးဆပ်သွားရမှာပါ” လို့ ဗာရန်းက ပြောဆိုသွားခဲ့ပါတယ်။ ရော်နယ်လ်ဒို ဗာရန်းတို့နှစ်ယောက်ဟာ ရီးယဲလ်မက်ဒရစ်မှာရော ယူနိုက်တက်အသင်းမှာ အတူ တွဲဖက်ကစားခဲ့ဖူးသူတွေလည်း ဖြစ်ပါတယ်။

Exit mobile version