ပြီးခဲ့တဲ့ နွေစျေးကွက်အတွင်းမှာ အသင်းရဲ့ Legend ကစားသမားကြီးဖြစ်တဲ့ ရော်နယ်လ်ဒိုအပါအဝင် ဆန်ချို ဗာရန်းတို့လို ထိပ်တန်းကစားသမားကောင်းတွေကို ခေါ်ယူအားဖြည့်ထားခဲ့တဲ့ မန်ချက်စတာယူနိုက်တက်အသင်းဟာ မကြာခင်မှာ ပြန်လည်ဖွင့့်လှစ်တော့မယ့် ဇန်နဝါရီရဲ့ ဆောင်းစျေးကွက်အတွင်းမှာပဲ အသင်းမှာ ပုံမှန်ပွဲထွက်ကစားခွင့်တွေ ပျောက်ဆုံးနေရတဲ့ ကစားသမား (၇)ယောက်ခန့်လောက်ကို ရောင်းထုတ်သွားဖွယ် ရှိနေတယ်လို့ သိရပါတယ်။

Photo Credit : Daily Mail

ဒီကစားသမားတွေကတော့ အသင်းမှာ နေရာပျောက်နေရတဲ့ အန်တိုနီမာစီယဲလ် ဂျက်ဆီလင်ဂတ် ဒွန်နီဗန်ဒယ်ဘိခ် ဖေးလ်ဂျုံးစ် အဲရစ်ဘိုင်လီ ဒီယိုဂိုဒါလော့နဲ့ အဲလက်စ်တဲလက်စ်တို့ဖြစ်တယ်လို့ သတင်းမီဒီယာတွေကနေ ဖော်ပြလာခဲ့ပါတယ်။ ဒီကစားသမားတွေထဲမှာ တချို့က အသင်းနဲ့ အံ့မဝင်သူတွေ ဖြစ်နေသလို တချို့ကစားသမားတွေကလည်း နည်းပြဆိုးလ်ရှားရဲ့ နေရာမပေးမှုကြောင့် အသင်းမှာ ပါဝင်ကစားဖို့ ခက်ခဲနေသူတွေ ဖြစ်နေတာကြောင့် သူတို့တွေကို အသင်းမှာ ဆက်လက်ထားရှိဖို့ထက် ဆောင်းစျေးကွက်ထဲမှာပဲ ရောင်းထုတ်လိုက်ဖို့ ပြင်ဆင်လာခဲ့ရတာ ဖြစ်ပါတယ်။

Photo Credit : Daily Mail

ယူနိုက်တက်ဟာ နွေစျေးကွက်အတွင်းမှာ တိုက်စစ်ကစားသမားတွေဖြစ်တဲ့ ရော်နယ်လ်ဒို ဆန်ချိုတို့ကို ခေါ်ယူခဲ့ပြီးနောက်မှာ ဒီကစားသမားတွေက အသင်းမှာ ပုံမှန်နေရာ ရရှိနေတာကြောင့် မာစီယဲလ် လင်ဂတ် ဗန်ဒယ်ဘိခ်တို့လို ကစားသမားတွေက နေရာ ပိုမိုပျောက်ဆုံးလာရတာကြောင့် ဆောင်းစျေးကွက်မှာပဲ အသင်းကနေ ရောင်းချခံရဖို့ အခြေအနေ များလာခဲ့တာ ဖြစ်ပါတယ်။ ဗန်ဒယ်ဘိခ်အနေနဲ့ကတော့ ပရီးမီးယားလိဂ်မှာပဲ ဆက်လက်ကစားချင်နေတာကြောင့် သူ့ကို အလိုရှိနေတဲ့ အဲဗာတန်အသင်းဆီ ပြောင်းရွှေ့ဖို့အတွက် ညှိနှိုင်းဖွယ် ရှိနေသလို လင်ဂတ်ကလည်း မနှစ်က ရာသီဝက်အတွင်း အငှားနဲ့ သွားရောက်ကစားခဲ့တဲ့ ဝက်စ်ဟမ်းအသင်းဆီကို ထပ်မံပြောင်းရွှေ့သွားနိုင်ပါတယ်။ ဒါ့အပြင် ခံစစ်မှာ နေရာပျောက်နေကြတဲ့ ဖီးလ်ဂျုံးစ်နဲ့ ဘိုင်လီတို့ကိုလည်း အသင်းကနေ စွန့်လွှတ်သွားဖို့ ရှိနေတာကြောင့် ခံစစ်ပိုင်း အားဖြည့်ဖို့ လိုအပ်နေကြတဲ့ ကလပ်အသင်းတွေ အပြိုင်အဆိုင် ကမ်းလှမ်းကြနိုင်ပါတယ်။ ဒါပေမယ့် အသင်းမှာက နောက်ခံအစွန်လူတွေအဖြစ် ဘစ်ဆာခါ လုခ်ရှော ဒါလော့ တဲလက်စ်တို့ပဲ ရှိနေတာဖြစ်လို့ ဒါလော့နဲ့ တဲလက်စ်တို့ကို ထုတ်ရောင်းဖို့က မလွယ်ကူပဲ သူတို့ကို ရောင်းချမယ်ဆိုရင်တောင် သူတို့နေရာအတွက် ကစားသမားသစ်တွေ ပြန်လည်အစားထိုးရမှာဖြစ်လို့ မာစီယဲလ် လင်ဂတ် ဗန်ဒယ်ဘိခ် ဘိုင်လီနဲ့ ဂျုံးစ်တို့ကိုသာ ရောင်းထုတ်နိုင်ပါတယ်။