နာမည်ကျော် အားကစား ရုပ်သံမီဒီယာတစ်ခုဖြစ်တဲ့ ESPN ရဲ့ ဖော်ပြချက်တွေအရ ဒေါ့မွန်အသင်းရဲ့ တိုက်စစ်ကစားသမား အာလင်းဟာလန်းကို ခေါ်ယူသွားဖို့ စိတ်ဝင်စားနေတဲ့ ကလပ်အသင်းတွေထဲမှာ အပါအဝင် ဖြစ်နေတဲ့ မန်ချက်စတာယူနိုက်တက်အသင်းဟာ လက်ရှိမှာ ဟာလန်းကို ခေါ်ယူဖို့ နောက်ဆုတ်သွားခဲ့ပြီဖြစ်ပြီး ရီးယဲလ်မက်ဒရစ်အသင်းကသာ ဟာလန်းကို ခေါ်ယူဖို့ ရေပန်းအစားဆုံး အသင်းအဖြစ် ရပ်တည်နေတယ်လို့ သိရှိရပါတယ်။

Photo Credit : Eurosport

အသက်(၂၁)နှစ်အရွှယ်ရှိ နော်ဝေလက်ရွေးစင် တိုက်စစ်ကစားသမား ဟာလန်းဟာ ဆာလ်ဇ်ဘာ့ဂ်ကနေ ဒေါ့မွန်ကို ပြောင်းရွှေ့လာစဉ်ကတည်းက သူရဲ့ အပြောင်းအရွှေ့ စာချုပ်ထဲမှာ ၂၀၂၂ခုနှစ် နွေစျေးကွက် ရောက်ချိန်မှာ သူရဲ့စာချုပ်ကို ယူရို(၇၅)သန်းနဲ့ ဖျက်သိမ်းခွင့်ရှိတယ်ဆိုတဲ့ အချက်အလက်ကို ထည့်သွင်းထားခဲ့သလို လက်ရှိမှာလည်း အသင်းတာဝန်ရှိသူတွေနဲ့ကြားမှာ မပြေလည်မှုတွေ ရှိနေတာကြောင့် ဥရောပထိပ်တန်း ကလပ်အသင်းတွေက ဟာလန်းရဲ့ အခြေအနေကို စောင့်ကြည့်နေတာ ဖြစ်ပါတယ်။ ဟာလန်းကို ခေါ်ယူဖို့ စိတဝင်စားနေတဲ့ ကလပ်အသင်းတွေထဲမှာ အပါအဝင် ဖြစ်နေတဲ့ ယူနိုက်တက်ဟာ လက်ရှိမှာ ဟာလန်းကို ခေါ်ယူဖို့အတွက် ကစားသမားနဲ့ရော သူရဲ့အေးဂျင့်နဲ့ပါ ဆွေးနွေးဖို့ အဆင်မပြေနိုင်သလို ဟာလန်းရဲ့အေးဂျင့် ရွိုင်ယိုလာနဲ့ပါ အလုပ်တွဲလုပ်ဖို့ ဆန္ဒမရှိလို့ ခေါ်ယူဖို့ ကိစ္စကို လက်လျှော့လိုက်ရတာ ဖြစ်ပါတယ်။

Photo Credit : Eurosport

ဟာလန်းကို အပြိုင်စိတ်ဝင်စားနေတဲ့ ကလပ်အသင်းတွေထဲကနေ ယူနိုက်တက် ထွက်ခွာသွားပြီးနောက်ပိုင်းမှာ ဟာလန်းကို ရီးယဲလ်မက်ဒရစ် မန်စီးတီး ဘာစီလိုနာ ပီအက်စ်ဂျီနဲ့ ဘိုင်ယန်မြူးနစ်တို့သာ ဆက်လက်စိတ်ဝင်စားနေတော့တာဖြစ်ပြီး ဒီအသင်းတွေထဲကမှ ဟာလန်းရဲ့ ကလပ်အသင်းသစ် ဖြစ်လာနိုင်ဖို့ ရေပန်းအစားဆုံးက ရီးယဲလ် ဖြစ်လာခဲ့တယ်လို့ ESPN ကနေ ဖော်ပြလာပါတယ်။ ပြီးခဲ့တဲ့ အပြောင်းအရွှေ့ စျေးကွက်တွေအတွင်း ငွေကြေးသုံးစွဲမှုတွေ သိပ်မလုပ်ထားခဲ့တဲ့ ရီးယဲလ်အသင်းဟာ လာမယ့်နွေမှာတော့ အသင်းအတွက် အကြီးမားဆုံး ကစားသမား ခေါ်ယူမှုတွေကို လုပ်ဆောင်သွားဖို့ ပြင်ဆင်နေပြီး ပြင်သစ်ကြယ်ပွင့် ကီလီယန်အမ်ဘာပေနဲ့ နော်ဝေကြယ်ပွင့် အာလင်းဟာလန်းတို့ကို ပစ်မှတ်ထားနေသလို ကစားသမား(၂)ဦးလုံးကိုပါ တစ်ပါတည်း ခေါ်ယူသွားဖွယ်လည်း ရှိနိုင်ပါတယ်။ လက်ရှိမှာတော့ ဘာပေက ပီအက်စ်ဂျီအသင်းနဲ့ စာချုပ်သက်တမ်းတိုးဖို့တွေ ဆွေးနွေးနေတယ်လို့ သတင်းထွက်လာခဲ့တဲ့အတွက် ရီးယဲလ်ဘက်က ဟာလန်းကို ပိုမိုပစ်မှတ်ထားလာနိုင်ပြီး ဟာလန်းအတွက် စာချုပ်ဖျက်သိမ်းကြေးအပြင် ရွိုင်အိုလာအတွက် အေးဂျင့်ကြေးနဲ့ ကမ်းလှမ်းသွားဖို့ ရှိနေပြီး ဟာလန်း အလိုရှိနေတဲ့ တစ်နှစ်လုပ်ခ ပေါင်သန်း(၃၀)ဝန်းကျင်လောက်အထိကိုပါ ပေးချေသွားဖို့ပါ ရှိနေပါတယ်။