မန်ချက်စတာ ယူနိုက်တက်အသင်းဟာ လာမယ့် ၂၀၂၅ နွေရာသီ အပြောင်းအရွှေ့ဈေးကွက်မှာ လိုက်ပ်ဇစ် တိုက်စစ်မှူး ဘင်ဂျမင် ဆက်စ်ကို ကို ခေါ်ယူနိုင်ခဲ့မယ်ဆိုရင် လက်ရှိ တိုက်စစ်ကစားသမား ဂျိုရှုအာ ဇက်ခ်ဇီးကို ကလပ်အသင်း တစ်သင်းသင်းဆီ အငှားချသွားနိုင်တယ်လို့ အီတလီ အခြေစိုက် Tuttomercato ကနေ ဖော်ပြလာခဲ့ပါတယ်။

ယူနိုက်တက်က နယ်သာလန် တိုက်စစ်ကစားသမား ဇက်ခ်ဇီးကို ဒီနွေမှာပဲ ဘိုလော့ဂ်နာကနေ ခေါ်ယူခဲ့ပြီး ဇက်ခ်ဇီးက ပရီးမီးယားလိဂ် ပွဲဦးထွက် ဖူလ်ဟမ်နဲ့ပွဲမှာ အနိုင်ဂိုး သွင်းယူနိုင်ခဲ့ပေမယ့် အဲ့ဒီပွဲကနေ စတင်ပြီး တောက်လျှောက် ခြေစွမ်းပျောက်သွားခဲ့ရာ ပြိုင်ပွဲစုံ (၁၀)ပွဲဆက်တိုက်အထိ သွင်းဂိုးရော ဂိုးဖန်တီးမှုပါ ပျောက်ဆုံးခဲ့ရပါတယ်။

Photo Credit : Transfermarket

လက်ရှိမှာတော့ ယူနိုက်တက် တိုက်စစ်မှာ တိုက်စစ်မှူး ဟွိုင်လန်းက ဒဏ်ရာကနေ သက်သာလာပြီးနောက် ဂိုးတွေပါ သွင်းယူလာနိုင်လို့ ပွဲကစားခွင့် ပိုမို ရရှိနေသလို ရပ်ရှ်ဖို့ဒ်နဲ့ ဂါနာချိုတို့ကလည်း တိုက်စစ်အတွက် အားထားရတဲ့ ပုံစံမျိုး ပြသနေလို့ ဇက်ခ်ဇီးအတွက်က ပုံမှန်နေရာ ရရှိဖို့ ခက်ခဲလာခဲ့ရပါတယ်။

ဒီအချိန်မှာ ယူနိုက်တက်က လာမယ့်နွေမှာပါ တိုက်စစ်မှူးတစ်ဦးကို ထပ်မံ ခေါ်ယူသွားဖို့ စီစဉ်လာခဲ့ပြီး လက်ရှိတော့ အသက် (၂၁)နှစ်အရွယ်သာ ရှိနေသေးတဲ့ လိုက်ပ်ဇစ်အသင်းရဲ့ ဆလိုဗေးနီးယား တိုက်စစ်မှူး ဆက်စ်ကို ကို ခေါ်ယူသွားဖို့ စိတ်ဝင်စားလျက် ရှိနေပါတယ်။ ဆက်စ်ကိုဟာ ဥရောပ ထိပ်တန်းကလပ်အသင်းတွေရဲ့ စိတ်ဝင်စားမှုကို ရရှိနေသူဖြစ်ပြီး ပြီးခဲ့တဲ့ နွေကလည်း အာဆင်နယ်ဆီ ရောက်ဖို့ နီးစပ်ခဲ့ပါသေးတယ်။

Photo Credit : TEAMtalk

ဒါပေမယ့် ဆက်စ်ကိုက အာဆင်နယ်ကို ပြောင်းဖို့ထက် လိုက်ပ်ဇစ်မှာ ဆက်နေဖို့ကိုသာ ရွေးချယ်ခဲ့ပြီး လိုက်ပ်ဇစ်နဲ့လည်း စာချုပ်သက်တမ်းပါ တိုးမြှင့်လိုက်ပါသေးတယ်။ ဒီလို သက်တမ်းတိုးခဲ့ပေမယ့်လည်း ဆက်စ်ကိုအနေနဲ့ လာမယ့်နွေမှာတော့ သူ့စိတ်ကြိုက် အသင်းဆီကို ပြောင်းရွှေ့ဖို့ကလည်း ဖြစ်နိုင်ခြေ ရှိနေပါတယ်။

ဆက်စ်ကိုလို အရည်အသွေးမြင့် လူငယ် တိုက်စစ်မှူးတစ်ဦးကို စိတ်ဝင်စားနေတဲ့ အသင်းတွေထဲမှာ ယူနိုက်တက်က ထိပ်ဆုံးကနေ ပါဝင်နေပြီး တကယ်လို့ ယူနိုက်တက်က ဆက်စ်ကို ကိုသာ ခေါ်ယူလိုက်နိုင်မယ်ဆိုရင် လက်ရှိ အသင်းမှာ ရုန်းကန်နေရတဲ့ ဇက်ခ်ဇီးကို သူ့ဆရာဟောင်း သီယာဂို မော့တာ ကိုင်တွယ်နေတဲ့ ဂျုဗင်တပ်စ်အသင်းဆီ အငှားချသွားဖွယ် ရှိနေပါတယ်။