ဒီနှစ်ဘောလုံးရာသီမှာ မထင်ထားလောက်အောင် ခြေစွမ်းပြပြီး ဂိုးတွေ သွင်းယူနေတဲ့ ဘိုင်ယန်မြူးနစ် တိုက်စစ်ကစားသမား ချူပိုမိုတင်းကို မန်ချက်စတာယူနိုက်တက်အသင်းက လာမယ့် နွေရာသီ အပြောင်းအရွှေ့ ဈေးကွက်ဖွင့်ချိန်မှာ ခေါ်ယူသွားဖို့ စိတ်ဝင်စားနေပြီး ခရစ္စတီယာနိုရော်နယ်လ်ဒိုနေရာမှာ ရေတိုသဘောမျိုးနဲ့ အစားထိုးဖွယ် ရှိနေတယ်လို့ သိရပါတယ်။

Photo Credit : Sport Mole

အသက်(၃၃)နှစ်အရွယ် ရှိနေပြီဖြစ်တဲ့ ကင်မရွန်းလက်ရွေးစင် ဝါရင့်တိုက်စစ်မှူးကြီး ချူပိုမိုတင်းဟာ စတုတ်စီးတီးအသင်းနဲ့အတူ ပရီးမီးယားလိဂ်ပြိုင်ပွဲမှာ ကျင်လည်ခဲ့ဖူးသူဖြစ်ပြီး ပီအက်စ်ဂျီအသင်းမှာလည်း (၂)ရာသီ ကစားခဲ့ဖူးသလို လက်ရှိလည်း ဘိုင်ယန်မြူးနစ်အသင်းမှာ ပါဝင်ကစားလျက် ရှိနေပါတယ်။ ဒီနှစ်ရာသီမှာ ဘိုင်ယန်အတွက် ပြိုင်ပွဲစုံ (၁၃)ပွဲအထိ ကစားခွင့်ရထားခဲ့ပြီး သွင်းဂိုးစုစုပေါင်း (၈)ဂိုးအထိကို သွင်းယူထားနိုင်ခဲ့တဲ့ ချူပိုမိုတင်းဟာ သူရဲ့ စာချုပ်သက်တမ်းက ၂၀၂၃ခုနှစ် ဇူလိုင်လမှာ ကုန်ဆုံးတော့မှာဖြစ်လို့ သူ့အနာဂတ် အခြေအနေက မရေမရာ ဖြစ်နေခဲ့ရပါတယ်။

Photo Credit : Daily Express

ဘိုင်ယန်မှာ ပိုလန်ဂိုးမုဆိုးကြီး လီဝန်ဒေါစကီး မရှိတော့တဲ့အချိန် အသင်းကို ဆာဒီယိုမာနေး ရောက်လာခဲ့ပေမယ့်လည်း နည်းပြနာဂယ်စ်မန်းရဲ့ နေရာပေးမှုတွေ တဖြည်းဖြည်း ရရှိလာခဲ့တဲ့ ချူပိုမိုတင်းဟာ အခုဆိုရင် အသင်းအတွက် ဂိုးတွေ သွင်းယူပေးလာနိုင်ခဲ့ပြီး နောက်ဆုံး ကစားခဲ့တဲ့ (၆)ပွဲဆက်တိုက် ဂိုးတွေ သွင်းယူနိုင်ခဲ့ပါတယ်။ ဒီလို ခြေစွမ်းမျိုး ပြသနေလို့ ဘိုင်ယန်အသင်းဘက်က ချူပိုမိုတင်းကို စာချုပ်သက်တမ်းတိုးဖို့ ပြင်ဆင်လာခဲ့သလို ပရီးမီးယားလိဂ်ကလပ် ယူနိုက်တက်ကလည်း ချူပိုမိုတင်းရဲ့ အခြေအနေကို စောင့်ကြည့်လာခဲ့ပါတယ်။ ဘိုင်ယန်နဲ့ စာချုပ်သက်တမ်းက လပိုင်းလောက်သာ ကျန်ရှိနေတော့တဲ့ ချူပိုမိုတင်းဟာ တကယ်လို့ သက်တမ်းမတိုးဖြစ်ဘူးဆိုရင် သူ့စိတ်ကြိုက် ကလပ်အသင်း တစ်သင်းသင်းဆီကို အလွတ်ပြောင်းရွှေ့ကြေးနဲ့ ပြောင်းရွှေ့နိုင်တော့မှာဖြစ်လို့ ဒီအခြေအနေကို ယူနိုက်တက်က စိတ်ဝင်စားနေခဲ့ပါတယ်။ ယူနိုက်တက်ကလည်း လာမယ့်နွေမှာ အသင်းရဲ့ တိုက်စစ်ကစားသမားကြီး ရော်နယ်လ်ဒိုကို လက်လွတ်ရဖို့ ရှိနေတဲ့အတွက် သူ့နေရာမှာ ယာယီအစားထိုးဖို့ လက်ရှိမှာ ပုံစံကောင်းပြနေတဲ့ ချူပိုမိုတင်းကို အလိုရှိလာခဲ့တာ ဖြစ်ပါတယ်။ ဒါပေမယ့် လက်ရှိ အခြေအနေတွေအရတော့ ဘိုင်ယန်က သူတို့ကစားသမားကို တစ်နှစ်လောက် သက်တမ်း ထပ်တိုးဖွယ် ရှိနေပြီး ကစားသမားကိုယ်တိုင်ကလည်း ဘိုင်ယန်မှာသာ ဆက်လက် ရှိနေဖို့ ရာခိုင်နှုန်းများနေပါတယ်။