မန်ချက်စတာယူနိုက်တက်နဲ့ နယ်သာလန်လက်ရွေးစင်အသင်းတို့ရဲ့ ကစားသမားဟောင်းကြီးဖြစ်သူ ရုဒ်ဗန်နစ္စတယ်ရွိုင်းဟာ ဒီနှစ်ဘောလုံးရာသီမှာပဲ သူရဲ့ ငယ်ဘဝကလပ်အသင်းဖြစ်တဲ့ PSV အသင်းမှာ နည်းပြအဖြစ် တာဝန်ယူ ဆောင်ရွှက်ရင်း မနေ့က ကျင်းပခဲ့တဲ့ နယ်သာလန်စူပါဖလားပြိုင်ပွဲမှာ အိုင်းယတ်စ်အသင်းကို (၅)ဂိုး (၃)ဂိုးနဲ့ အနိုင်ယူခဲ့ပြီး ပထမဆုံး ဆုဖလားကိုပါ သိမ်းပိုက်ရရှိနိုင်ခဲ့ပါတယ်။

Image

Photo Credit : Twitter

လွန်ခဲ့တဲ့ ၂၀၁၂ခုနှစ် မေလ (၁၄)ရက်နေ့မှာ ဘောလုံးသမားဘဝကနေ အနားယူသွားခဲ့တဲ့ တိုက်စစ်ကစားသမားကြီး နစ္စတယ်ရွိုင်းဟာ ၂၀၁၃ခုနှစ်မှာပဲ သူရဲ့အသင်းဟောင်း PSV မှာ ယူ-၁၇အသင်းရဲ့ နည်းပြအဖြစ်နဲ့ စတင် ဆောင်ရွှက်ခဲ့ပြီး ၂၀၁၆ခုနှစ်မှာတော့ PSV အရန်အသင်း နည်းပြပါ ဖြစ်လာခဲ့ရပါတယ်။ ကစားသမားဘဝတုန်းက မန်ယူနိုက်တက်နဲ့ ရီးယဲလ်မက်ဒရစ်တို့လို ဥရောပထိပ်တန်း ကလပ်အသင်းတွေမှာ ပါဝင်ခဲ့ဖူးသူ နစ္စတယ်ရွိုင်းဟာ ၂၀၁၄ခုနှစ်မှာ ဝါရင့်နည်းပြကြီး ဂူဟစ်ဒင့်ရဲ့ လက်ထောက်နည်းပြအဖြစ် နယ်သာလန်လက်ရွေးစင်အသင်းမှာပါ တာဝန်ထမ်းဆောင်ခဲ့သေးပြီး ဒီနှစ်အတွင်းမှာပဲ PSV အသင်းကနေ နစ္စတယ်ရွိုင်းကို အသင်းရဲ့ တရားဝင်နည်းပြအဖြစ် ခန့်အပ်သွားခဲ့ပါတယ်။

Image

Photo Credit : Twitter

PSV စီနီယာအသင်းအတွက် စတင် တာဝန်ယူနေရပြီဖြစ်တဲ့ နစ္စတယ်ရွိုင်းဟာ မနေ့ညမှာပဲ နယ်သာလန်စူပါဖလား ပြိုင်ပွဲမှာ နယ်သာလန်ရဲ့ အင်အားအကြီးဆုံး ကလပ်အသင်းဖြစ်တဲ့ အိုင်းယတ်စ်နဲ့ ရင်ဆိုင်တွေ့ဆုံခဲ့ရပါတယ်။ ပြီးခဲ့တဲ့ ဘောလုံးရာသီက နယ်သာလန် အမှတ်ပေးချန်ပီယံဆုကို ပိုင်ဆိုင်ထားနိုင်ခဲ့တဲ့ အိုင်းယတ်စ်က PSV အသင်းထက် အစစအရာရာမှာ သာလွန်တဲ့ အသင်းမျိုး ဖြစ်နေပြီး ဒီနွေဈေးကွက်ထဲ အသင်းကနေ နည်းပြတန်ဟက်ဂ် အပါအဝင် ထိပ်တန်း ကစားသမား အများအပြား လက်လွတ်ထားရတယ် ဆိုပေမယ့်လည်း လက်ရှိ အနေအထားအရတော့ PSV ထက်ကို တောင့်တင်းတဲ့ အသင်းဖြစ်နေပါတယ်။ ဒါပေမယ့် တကယ့်ပွဲစဉ်အတွင်းမှာတော့ နစ္စတယ်ရွိုင်းရဲ့ PSV အသင်းက အိုင်းယတ်စ်အသင်းကို (၅)ဂိုး (၃)ဂိုးနဲ့ အနိုင်ယူခဲ့ပြီး သူရဲ့နည်းပြဘဝနဲ့ PSV နည်းပြဘဝ ပထမဆုံးသော ဆုဖလားကို ပိုင်ဆိုင်နိုင်ခဲ့ရပါတယ်။ ဒီပွဲစဉ်အတွင်းမှာ ကွင်းလယ်ကစားသမား ဂူ့စ်တယ်က PSV အတွက် ဟက်ထရစ် သွင်းယူနိုင်ခဲ့သလို ပီအက်စ်ဂျီကနေ ပြောင်းရွှေ့လာတဲ့ လူငယ်ကစားသမားလေး ဆီမွန်ဇာဗီကပါ (၅)ဂိုးမြှောက်ဂိုးကို သွင်းယူခဲ့ပါတယ်။ လက်ရှိမှာတော့ PSV အသင်းဟာ နယ်သာလန် စူပါဖလားကို (၂)ကြိမ်ဆက်တိုက် ပိုင်ဆိုင်နိုင်ခဲ့ရသလို ဖလားအကြိမ်ရေ (၁၃)ကြိမ်နဲ့ ပြိုင်ပွဲတလျှောက် အအောင်မြင်ဆုံး အသင်းအဖြစ် ဆက်လက် ရပ်တည်နေပါတယ်။