မန်ချက်စတာ ယူနိုက်တက်အသင်းဟာ မနေ့ညက ချယ်လ်ဆီးအသင်းကို အိုးထရက်ဖို့ဒ်မှာ တစ်ဂိုးစီသရေရအောင် ကစားခဲ့ပြီးတဲ့နောက် ပရီးမီးယားလိဂ် (၁၀)ပွဲကစား (၁၂)မှတ်သာ ရထားသေးတာကြောင့် (၃၈)နှစ်တာ ကာလအတွင်း အဆိုးရွှားဆုံးသော တာထွက်အဖြစ် စံချိန်တင်သွားခဲ့ရပါတယ်။
ယူနိုက်တက်အသငး်ဟာ ဒီရာသီထဲ ပရီးမီးယားလိဂ် (၁၀)ပွဲအထိ ကစားထားပြီးချိန်မှာ ဖူလ်ဟမ် ဆောက်သမ်တန်နဲ့ ဘရန့်ဖို့ဒ်တို့ကို အနိုင်ရထားခဲ့ပြီး ခရစ္စတယ် ပဲလေ့စ် ၊ ဗီလာ နဲ့ ချယ်လ်ဆီးတို့ကို သရေကျထားခဲ့သလို ဘရိုက်တန် လီဗာပူးလ် စပါး ဝက်စ်ဟမ်းတို့ကိုတော့ ရှုံးနိမ့်ထားခဲ့ရပါတယ်။ (၁၀)ပွဲကစားပြီးချိန်မှာ ရမှတ်ကတော့ (၁၂)မှတ်သာ ပိုင်ဆိုင်ထားခဲ့ပါတယ်။
Photo Credit : BBC
ယူနိုက်တက်က ပြီးခဲ့တဲ့တစ်ပတ် ဝက်စ်ဟမ်းကို ရှုံးနိမ့်ခဲ့တဲ့ ပွဲစဉ်အပြီးမှာပဲ အသင်းနည်းပြ အဲရစ် တန်ဟက်ဂ်ကို ရာထူးကနေ ထုတ်ပယ်လိုက်ပြီး သူ့နေရာမှာ လက်ထောက်နည်းပြ နစ္စတဲလ်ရွိုင်းက ယာယီအဖြစ် ကိုင်တွယ်နေသလို မကြာသေးခင်ကပဲ စပို့တင်း လစ္စဘွန်းနည်းပြ ရူဘင် အမော်ရင်ကို နည်းပြသစ်အဖြစ် ခန့်အပ်ထားခဲ့ပါတယ်။
လက်ရှိ ယာယီနည်းပြ နစ္စတဲလ်ရွိုင်းလက်ထက် အသင်းက (၂)ပွဲကစား (၂)ပွဲလုံး ရှုံးပွဲမရှိထားသေးပေမယ့်လည်း ပရီးမီးယားလိဂ် (၂)ပွဲဆက်တိုက် နိုင်ပွဲပျောက်ထားခဲ့ရတာ အသင်းရဲ့ အခြေအနေကို အတော်လေး ဆိုးရွှားသွားစေခဲ့ရပါတယ်။ ဒါဟာ ၁၉၈၆-၈၇ ဘောလုံးရာသီနောက်ပိုင်း အဆိုးရွှားဆုံးသော ပရီးမီးယားလိဂ် တာထွက်လည်း ဖြစ်ခဲ့ရပါတယ်။
Photo Credit : Evening Standard
၁၉၈၆-၈၇ ဘောလုံးရာသီတုန်းက ယူနိုက်တက်ဟာ အင်္ဂလန် အမှတ်ပေးပြိုင်ပွဲ (၁၀)ပွဲ ကစားပြီးချိန်မှာ ရမှတ် (၈)မှတ်လေးသာ ပိုင်ဆိုင်ခဲ့ရလို့ နည်းပြကြီး ရွန် အက်ကန်ဆင် ထုတ်ပယ်ခံလိုက်ရပြီး တချိန်မှာ အသင်းရဲ့ ဂန္တဝင်နည်းပြကြီး ဖြစ်လာမယ့် ဆာ အဲလက်စ် ဖာဂူဆန်ကို အစားထိုး ခန့်အပ်ခံလိုက်ရပါတယ်။
လက်ရှိမှာလည်း အသင်းက တန်ဟက်ဂ်ကို ထုတ်ပယ်ပြီး လာမယ့် (၁၁)ရက်နေ့မှာပဲ ရူဘင် အမော်ရင်ကို တာဝန်ပေးသွားတော့မှာ ဖြစ်တာကြောင့် အသက် (၃၉)နှစ်သာ ရှိနေသေးတဲ့ နည်းပြ အမော်ရင်အနေနဲ့ သူ့အတွက် အစိမ်းသက်သက် ဖြစ်နေမယ့် ပရီးမီးယားလိဂ်မှာ ဘာတွေ လုပ်ပြသွားနိုင်မလဲဆိုတာ စောင့်ကြည့်သွားရပါတော့မယ်။