MySport Myanmar

အိုင်ဗန် တိုနေးကို ခေါ်ယူဖို့ အစီအစဉ် မရှိတော့တဲ့ မန်ယူနိုက်တက်

မန်ချက်စတာ ယူနိုက်တက်အသင်းဟာ ပီအက်စ်ဂျီအသင်းရဲ့ ဥရုဂွေး ကွင်းလယ်ကစားသမား မန်နဝယ် အူဂါတေးကို ခေါ်ယူနိုင်ပြီးနောက်ပိုင်း အသင်းနဲ့ သတင်းတွေ ထွက်ပေါ်နေတဲ့ ဘရန့်ဖို့ဒ် တိုက်စစ်မှူး အိုင်ဗန် တိုနေးကို ခေါ်ယူဖို့တော့ အစီအစဉ် မရှိတော့ဘူးလို့ သိရပါတယ်။

ယူနိုက်တက်က ဒီနွေမှာ တိုက်စစ်ကစားသမား ဂျိုရျှုအာ ဇက်ခ်ဇီး ၊ နောက်ခံလူ လယ်နီ ယိုရို ၊ ညာနောက်ခံလူ မာဇရာဝီ ၊ နောက်ခံလူ ဒီလစ်နဲ့ အခု ကွင်းလယ်ကစားသမား အူဂါတေးတို့ကို ခေါ်ယူဖြည့်တင်းခဲ့ပြီး ယူနိုက်တက်ရဲ့ ကစားသမားအဝင်က အတော်လေးကို အားရစရာကောင်းခဲ့ပါတယ်။

Photo Credit : Youtube

ဒါပေမယ့်လည်း အသင်းက ဘယ်နောက်ခံနေရာနဲ့ ကွင်းလယ်ပိုင်းအတွက်ပါ ထပ်မံ ဖြည့်တင်းသွားဖို့ လိုအပ်နေပြီး တိုက်စစ်ပိုင်းကလည်း ဟွိုင်လန်းက ဒဏ်ရာအခြေအနေ ရပ်ရှ်ဖို့ဒ်ရဲ့ ခြေစွမ်းပိုင်း ကျဆင်းမှုတွေကြောင့် တိုက်စစ်ကစားသမား တစ်ဦးလောက်အထိ ခေါ်ယူဖို့ပါ လိုအပ်နေပါသေးတယ်။

ဒါပေမယ့်လည်း ယူနိုက်တက်က ဒီနွေမှာ ကစားသမားသစ် (၅)ဦးအတွက် အသုံးစရိတ် စုစုပေါင်း ယူရို (၂၂၄.၅)သန်းအထိတောင် အသုံးပြုထားခဲ့ပြီး တကယ်လို့ ကစားသမား ထပ်ခေါ်မယ်ဆိုရင်တော့ အငှားကမ်းလှမ်းမှုနဲ့သာ ခေါ်ယူနိုင်တော့မှာပဲ ဖြစ်ပါတယ်။

Photo Credit : Cuaght Offside

ဒါကြောင့် ယူနိုက်တက်က ဘရန့်ဖို့ဒ်အသင်းရဲ့ တိုက်စစ်မှူး တိုနေးကို ခေါ်ယူဖို့ ဆွေးနွေးမှုတွေ လုပ်ဆောင်သွားတော့မှာ မဟုတ်ပဲ အူဂါတေးကို ရလိုက်ပြီဆိုတာနဲ့ ဒီနွေရဲ့ ကစားသမား ခေါ်ယူမှုကို အဆုံးသတ်သွားတော့မှာ ဖြစ်ပါတယ်။

ဒါပေမယ့် တိုနေးကို ချယ်လ်ဆီးအပြင် ဆော်ဒီကလပ် အယ်လ်အာလီတို့ကပါ စိတ်ဝင်စားနေပြီး ချယ်လ်ဆီးက နာပိုလီ တိုက်စစ်မှူး ဗစ်တာ အိုဆီမန်ကို ခေါ်ယူလို့ မရခဲ့ရင် တိုနေးကို ပြောင်းလဲ ပစ်မှတ်ထားလာနိုင်သလို အယ်လ်အာလီကလည်း တိုနေးကို အရ ခေါ်ယူနိုင်ဖို့ အစွမ်းကုန် ကြိုးပမ်းလျက် ရှိနေပါတယ်။

Exit mobile version