ဒီနှစ်နွေဈေးကွက်အတွင်းမှာ ပရီးမီးယားလိဂ် ကလပ်အသင်းများစွာက ကစားသမား ခေါ်ယူမှုတွေကို လုပ်ဆောင်ထားနိုင်ပေမယ့် အခုအချိန်ထိ ကစားသမား ခေါ်ယူမှု လုံးဝမရှိသေးတဲ့ အသင်းတွေထဲမှာ မန်ချက်စတာယူနိုက်တက်အသင်းလည်း ပါဝင်လို့နေပြီး လတ်တလောမှာလည်း အသင်းလက်မဲ့ ဖြစ်တော့မယ့် ခရစ္စတီယန်အဲရစ်ဆင်ကို ခေါ်ယူဖို့ ကမ်းလှမ်းထားတယ် ဆိုပေမယ့်လည်း ကစားသမားကိုယ်တိုင်က လန်ဒန်မြို့မှာသာ ဆက်နေချင်တာကြောင့် ခေါ်ယူနိုင်ဖို့က ခဲယဉ်းနေရပြန်ပါတယ်။

Christian Eriksen makes Man United transfer decision | CaughtOffside

Photo Credit : CaughtOffside

ယူနိုက်တက်အသင်းဟာ ပြီးခဲ့တဲ့ရာသီက အမှတ်ပေးဇယားအတွင်း အဆင့်(၆)နေရာနဲ့သာ ကျေနပ်ခဲ့ရလို့ ချန်ပီယံလိဂ်ဝင်ခွင့်နဲ့ပါ လွဲချော်ထားခဲ့ရပြီး အဲ့ဒီတစ်ချက်လေးနဲ့ပင် အသင်းအတွက် အတော်လေးကို ထိုးနှက်ချက် ဖြစ်ခဲ့ရကာ ကစားသမားခေါ်ယူမှုမှာ ဆိုးရွှားတဲ့ အကျိုးသက်ရောက်မှုတွေ ဖြစ်နေရပါတယ်။ အသင်းဘက်က ပစ်မှတ်ထားတဲ့ ကစားသမား အများစုကို အသင်းဆီ ရောက်ရှိလာအောင် မခေါ်ယူနိုင်ခဲ့ပဲ ပြိုင်ဘက်အသင်းတွေဆီသာ လက်လွတ်ထားခဲ့ရသလို အခုလည်း အသင်းရဲ့ပစ်မှတ်ဖြစ်သူ အဲရစ်ဆင်ပါ မန်ချက်စတာကို လာရောက်ဖို့ထက် သူလက်ရှိ နေထိုင်နေတဲ့ လန်ဒန်မြို့မှာသာ ဆက်လက်နေချင်နေပြီး လန်ဒန်အခြေစိုက် သူရဲ့အသင်းဟောင်း စပါးအသင်းနဲ့ ပြန်လည်ပူးပေါင်းဖွယ်သာ ရှိနေပါတယ်။

Christian Eriksen makes Man Utd transfer decision after contract offer | Football - FPL360

Photo Credit : FPL360

လန်ဒန်ကလပ်အသင်းဖြစ်တဲ့ ဘရန့်ဖို့ဒ်အသင်းနဲ့ ကာလတို ပူးပေါင်းထားခဲ့တဲ့ ဒိန်းမတ်လက်ရွေးစင် playmaker ကစားသမား အဲရစ်ဆင်ဟာ လာမယ့် ဇွန်(၃၀)ရက်နေ့မှာပဲ ဘရန့်ဖို့ဒ်နဲ့ စာချုပ်သက်တမ်း ကုန်ဆုံးမှာဖြစ်ပြီး သက်တမ်းလည်း ထပ်တိုးဖို့ကလည်း မရေမရာ ဖြစ်နေရပါတယ်။ တကယ်လို့သာ အဲရစ်ဆင်အနေနဲ့ ဘရန့်ဖို့ဒ်နဲ့ သက်တမ်းမတိုးဖြစ်ခဲ့ရင်တော့ ဇူလိုင်(၁)ရက်နေ့မှာပဲ အဲရစ်ဆင်ဟာ free agent ကစားသမားတစ်ဦး ပြန်ဖြစ်သွားရပါလိမ့်မယ်။ အသင်းလက်မဲ့ ဖြစ်လာနိုင်တော့မယ့် အဲရစ်ဆင်ကို ကွင်းလယ်ကစားသမား အများအပြား လက်လွတ်ထားရတဲ့ ယူနိုက်တက်အသင်းက အသင်းဆီ ခေါ်ဆောင်ချင်နေပြီး တရားဝင် ကမ်းလှမ်းမှုပါ ပြုလုပ်ခဲ့ပေမယ့် အဲရစ်ဆင်ကိုယ်တိုင်ကတော့ မန်ချက်စတာမြို့ဆီ မပြောင်းရွှေ့ချင်ပဲ လန်ဒန်မြို့မှာသာ ဆက်နေချင်တယ်လို့ The Athletic ကနေ ဖော်ပြလာတာကြောင့် အဲရစ်ဆင်ဟာ သူ့အသင်းဖြစ်တဲ့ စပါးအသင်းဆီ ပြန်လည်ပြောင်းရွှေ့နိုင်သလို ဘရန့်ဖို့ဒ်နဲ့ပဲ စာချုပ်သက်တမ်းတိုးဖွယ်လည်း ရှိနေရပါတယ်။ ဒီလို အခြေအနေမျိုး ရင်ဆိုင်နေရတဲ့ ယူနိုက်တက်ဟာ အသင်းရဲ့ main target ဖရန့်ကီဒီဂျောင်ကို ခေါ်ယူနိုင်ဖို့ကလည်း လက်ရှိအချိန်ထိ အလားအလာ မကောင်းသေးသလို အသင်းရဲ့ ပစ်မှတ်တချို့ကိုလည်း အခြားအသင်းတွေက လက်ဦးမှု ရယူနေကြလျက် ရှိနေပါတယ်။