MySport Myanmar

မန်ချက်စတာဒါဘီပွဲမှာ မန်ယူအတွက် ပါဝင်ကစားနိုင်ဖို့ မသေချာတော့တဲ့ ဒါလော့

မန်ချက်စတာယူနိုက်တက်အသင်းရဲ့ ညာနောက်ခံကစားသမား ဒီယိုဂိုဒါလော့ဟာ မနေ့ညက အိုးထရက်ဖို့ဒ်ကွင်းအတွင်း လိဂ်ဝမ်းကလပ် ချာလ်တန်အသင်းနဲ့ ရင်ဆိုင်ခဲ့ရတဲ့ လိဂ်ဖလား ကွာတားဖိုင်နယ်ပွဲစဉ်မှာ ဒဏ်ရာ ရရှိသွားခဲ့တာကြောင့် မန်ချက်စတာဒါဘီပွဲစဉ်ကို ပါဝင်နိုင်ဖို့ မသေချာတော့ပဲ ဖြစ်လာခဲ့ရတယ်လို့ သိရှိရပါတယ်။

Photo Credit : Daily Mail

ယူနိုက်တက်အသင်းက ချာလ်တန်အသင်းကို (၃)ဂိုးပြတ်နဲ့ အပြတ်အသတ် အနိုင်ရခဲ့တဲ့ လိဂ်ဖလားပွဲစဉ်မှာ အသင်းရဲ့ ညာခြမ်းခံစစ်ပိုင်းအတွင်း ပေါ်တူဂီကြယ်ပွင့် ဒါလော့ကို ပွဲထွက်ကစားစေခဲ့ပြီး ပွဲကစားချိန် မိနစ်(၃၀)ကျော်လောက်မှာ ဒဏ်ရာ ရရှိသွားခဲ့တာကြောင့် ပွဲကို ဆက်လက် ကစားနိုင်ခြင်း မရှိတော့ပဲ ဝမ်ဘစ်ဆာခါနဲ့ လူစားလဲခဲ့ရပါတယ်။ ဒါလော့ရဲ့ ဒဏ်ရာက အရမ်း ပြင်းထန်ခြင်း မရှိဘူးလို့ ယူနိုက်တက်နည်းပြ အဲရစ်တန်ဟက်ဂ်က ထုတ်ပြန်ထားခဲ့ပေမဲ့ လာမဲ့ စနေနေ့မှာ ယှဉ်ပြိုင်သွားဖို့ ရှိနေတဲ့ မန်ချက်စတာဒါဘီအတွင်း ပါဝင်ကစားနိုင်ပါ့မလားဆိုတာကတော့ စောင့်ကြည့်ရဦးမှာ ဖြစ်ပါတယ်။

Photo Credit : Daily Mail

ဒါလော့ရဲ့ ဒဏ်ရာအခြေအနေနဲ့ ပတ်သတ်ပြီး နည်းပြတန်ဟက်ဂ်က “ဒီယိုဂိုဒါလော့က ပထမပိုင်း မပြီးခင်မှာပဲ ကွင်းထဲကနေ ထွက်ခွာခဲ့ရတယ်။ ဒီဒဏ်ရာအခြေအနေက သိပ်မဆိုးရွှားလောက်ဘူးလို့ ထင်ရပေမဲ့လည်း သူရဲ့ဒဏ်ရာကို ပိုမဆိုးလာအောင် ကြိုတင် ကာကွယ်တဲ့ အနေနဲ့ သူ့ကို လူစားလဲလိုက်ရတာ ဖြစ်သလို စနေ့မှာကလည်း ကျွန်တော်တို့အတွက် အရေးကြီးတဲ့ ပွဲစဉ် ရှိနေတာမို့ ဆက်ပြီး စွန့်စားမှု မပြုတော့တာပါ။ လာမဲ့ နာရီပိုင်းအတွင်း ဒဏ်ရာ အနေအထားက ဘယ်လို ဖြစ်လာမလဲဆိုတာ စောင့်ကြည့်သွားရမှာဖြစ်ပြီး ပြီးရင်တော့ ပြတ်ပြတ်သားသား ဆုံးဖြတ်ချက်တွေ ချမှတ်ရတော့မှာ ဖြစ်ပါတယ်” လို့ ရှင်းလင်း ပြောကြားသွားခဲ့ပါတယ်။ အသက်(၂၃)နှစ်အရွယ် ပေါ်တူဂီလက်ရွေးစင် ညာနောက်ခံလူ ဒါလော့ဟာ ဒီနှစ်ဘောလုံးရာသီမှာ ယူနိုက်တက်ရဲ့ အမြဲတမ်း ကစားသမားတစ်ဦး ဖြစ်နေရပြီး တကယ်လို့ မန်ချက်စတာဒါဘီမှာ ဒါလော့ မပါဝင်လာနိုင်ခဲ့ဘူးဆိုရင်တော့ သူ့နေရာမှာ ဘစ်ဆာခါ ပါဝင်လာဖွယ် ရှိနေပါတယ်။ လတ်တလောမှာတော့ ယူနိုက်တက်ဟာ ပြိုင်ပွဲစုံ (၈)ပွဲဆက်တိုက်အထိ နိုင်ပွဲရထားခဲ့လို့ မန်စီးတီးအသင်းနဲ့ ပြန်လည် ရင်ဆိုင်ရမဲ့ မန်ချက်စတာဒါဘီပွဲက ယူနိုက်တက်အတွက် ခြေစွမ်းပိုင်း အသေအချာ စမ်းသပ်သွားမယ့် ပွဲစဉ် ဖြစ်လာမှာ သေချာပါတယ်။

Exit mobile version