မန်ချက်စတာယူနိုက်တက်အသင်းရဲ့ ညာခြမ်းခံစစ်် နေရာမှာ ပုံမှန်နေရာ ရရှိနေသူဖြစ်တဲ့ အာရွန်ဝမ်ဘစ်ဆာခါက နောက်ပိုင်းပွဲစဉ်တွေမှာ သူရဲ့ကစားပုံ ကျဆင်းလာခဲ့တာကြောင့် အသင်းနည်းပြ ရန်းနစ်က ဒါလော့ကို နေရာပိုပေးလာခဲ့ရတဲ့အပြင် အခုလည်း ဆောင်းစျေးကွက်ထဲမှာ နောက်ထပ် ညာနောက်ခံ ကစားသမားတစ်ဦးကိုပါ အရခေါ်ယူသွားဖို့ စီစဉ်လာခဲ့ပြီး ဘရိုက်တန်အသင်းရဲ့ နောက်ခံကစားသမားလေး ထရစ်လမ်တီကို ခေါ်ယူသွားချင်နေတယ်လို့ သိရပါတယ်။
Photo Credit : Daily Mail
အသက်(၂၁)နှစ်အရွှယ်သာ ရှိနေသေးတဲ့ အင်္ဂလန် ယူ-၂၁ ညာနောက်ခံ ကစားသမားလေး လမ်တီဟာ ချယ်လ်ဆီးအသင်းရဲ့ ကစားသမားဟောင်းတစ်ဦးဖြစ်ပြီးတော့ ချယ်လ်ဆီး လူငယ်အသင်းမှာ ၂၀၀၈ခုနှစ်ကနေ ၂၀၁၉အထိ ပါဝင်ကစားခဲ့သလို ၂၀၁၉-၂၀၂၀ ဘောလုံးရာသီမှာလည်း သူရဲ့ ချယ်လ်ဆီးစီနီယာ ကစားသမားဘဝကို စတင်ခဲ့ရပါတယ်။ ဒါပေမယ့် အသင်းအတွက် ပွဲကစားခွင့် အနည်းငယ်လေးပဲ ရရှိခဲ့တဲ့ လမ်တီဟာ ၂၀၂ဝခုနှစ် ဆောင်းစျေးကွက်မှာပဲ ဘရိုက်တန်အသင်းဆီကို အံ့အားသင့်စွာနဲ့ကို အပြီးသတ် ပြောင်းရွှေ့ခဲ့ပြီး အသင်းသစ်မှာလည်း သူရဲ့ အကောင်းဆုံး ခြေစွမ်းတွေကို ပြသထားနိုင်ခဲ့ပါတယ်။
Photo Credit : The Sun
လူကောင် သေးငယ်ပေမယ့် ပြေးအားကောင်းသလို တိုက်စစ်လိုက်ပါ ကစားရမှာ ထူးချွန်တဲ့ လမ်တီဟာ (၄)ယောက်တန်းခံစစ်ရဲ့ ညာခြမ်းနေရာမှာ ပါဝင်ကစားတတ်သူ ဖြစ်သလို Wing-back နေရာမှာလည်း အံ့ဝင်ခွင်ကျအောင် ကစားနိုင်သူလည်း ဖြစ်ပါတယ်။ ဒီနှစ်ဘောလုံးရာသီမှာတော့ လမ်တီဟာ တံကောက်ကြောဒဏ်ရာကြောင့် ဘရိုက်တန်အသင်းရဲ့ ပွဲစဉ်တွေကို လွဲချော်ထားခဲ့ရပြီး ရာသီဝက်အထိကို ပရီးမီးယားလိဂ်မှာ (၁၂)ပွဲသာ ပါဝင်ထားခဲ့ရပါတယ်။ ဒါပေမယ့် ဘစ်ဆာခါရဲ့ စွမ်းဆောင်ရည်တွေအပေါ် သဘောကျခြင်းမရှိတဲ့ ယူနိုက်တက်နည်းပြ ရန်းနစ်ကတော့ လမ်တီကို ယူနိုက်တက်အသင်းဆီ ခေါ်ဆောင်ချင်နေပြီး အသင်းရဲ့ ညာခြမ်းခံစစ်မှာ နေရာပေးသွားချင်နေတာ ဖြစ်ပါတယ်။ ယူနိုက်တက်အသင်းက အလိုရှိနေတဲ့ လမ်တီရဲ့ တန်ကြေးဟာ လက်ရှိမှာ ပေါင်(၁၅)သန်းဝန်ကျင်သာ ရှိနေတယ်လို့ Transfermaket ကနေ ဖော်ပြထားခဲ့ပေမယ့်လည်း အသင်းနဲ့က ၂၀၂၅ခုနှစ်အထိ စာချုပ်သက်တမ်း ရှိနေသေးတဲ့ ကစားသမားဖြစ်တာကြောင့် ဘရိုက်တန်ဘက်ကနေ သူတို့ကစားသမားလေးအတွက် ပြောင်းရွှေ့ကြေးကို ပေါင်သန်း(၄၀)လောက်အထိကို တောင်းဆိုလာနိုင်ပါတယ်။