မန်ချက်စတာယူနိုက်တက်အသင်းကတော့ ဒီနှစ်ဘောလုံးရာသီမှာ ပရီးမီးယားလိဂ်ပွဲစဉ်အဖြစ် (၃)ပွဲကစားပြီးတဲ့နောက်မှာ ခံစစ်ကနေ ပေးဂိုး(၁၁)ဂိုးအထိ ခွင့်ပြုထားခဲ့ရသလို ဒီ(၃)ပွဲအတွင်းမှာလည်း ရှံးပွဲက(၂)ပွဲအထိတောင် ရှိနေခဲ့ရပါတယ်။ မက်ဂွိုင်းယားနဲ့လင်ဒီလော့ မက်ဂွိုင်းယားနဲ့ဘိုင်လီ ခံစစ်အတွဲအဖက်တွေ အပြောင်းအလဲလုပ်ခဲ့ပေမယ့် အားနည်းချက်တွေကတော့ ဆက်လက်ဖြစ်နေဆဲဖြစ်ပြီး ဘယ်နောက်ခံလူ လုခ်ရှောကလည်း ကစားအားတွေ ကျဆင်းလာခဲ့တာကြောင့် ဒီခံစစ်အစုအဖွဲ့နဲ့ ဒီရာသီမှာ ယူနိုက်တက်တို့ ရုန်းကန်ရဖွယ် ရှိနေပါတယ်။

Photo Credit : Manchester Evening News

အခု နိုင်ငံတကာရက်သတ္တပတ်တွေ ပြီးဆုံးသွားချိန်မှာ ယူနိုက်တက်အသင်းဟာ နယူးကာဆဲလ် ပီအက်စ်ဂျီ ချယ်လ်ဆီး လိုက်ပ်ဇစ် အာဆင်နယ် ဘာရှက်ဆီဟီ အဲဗာတန်အသင်းတွေနဲ့ ပွဲကျပ်တွေ ဆက်တိုက်ကစားရမှာဖြစ်ပြီး အသင်းရဲ့ခံစစ်ပိုင်းကိုသာ အချိန်မှီ မပြင်ဆင်နိုင်ခဲ့ဘူးဆိုရင် ဒီပွဲတွေမှာ ရလဒ်တွေ ဆိုးရွှားသွားနိုင်ပါတယ်။ ဒါကြောင့် ယူနိုက်တက်က လာမယ့်ဆောင်းရာသီစျေးကွက်မှာ အသင်းရဲ့ခံစစ်ပိုင်းကို အားဖြည့်တင်းဖို့အတွက် နောက်ခံကစားသမားသစ်တွေကို ခေါ်ယူသွားဖွယ်ရှိနေပြီး လက်ရှိမှာလည်း ယူနိုက်တက်က စပိန်လာလီဂါပြိုင်ပွဲရဲ့ နောက်ခံလူတွေကို ပစ်မှတ်ထားလို့နေပါတယ်။

Photo Credit : Netlify

ယူနိုက်တက်အသင်းနည်းပြဆိုးလ်ရှားက နွေစျေးကွက်အတွင်းမှာ လိုက်ပ်ဇစ်အသင်းရဲ့ ပြင်သစ်လက်ရွေးစင် ဗဟိုနောက်ခံကစားသမား ဒေးယော့အူပါမယ်ကာနိုကို ပစ်မှတ်ထားခဲ့တာဖြစ်ပေမယ့် အသင်းရဲ့တာဝန်ရှိသူတွေဘက်ကနေ ဒီကစားသမားကို အရခေါ်ယူပေးခဲ့ခြင်းမရှိတဲ့အတွက် အခုလို ခံစစ်ပြသာနာကို ရင်ဆိုင်နေရတာဖြစ်တယ်လို့ ယူနိုက်တက်ပရိသတ်တွေကနေ ဝေဖန်ပြစ်တင်နေကြပါတယ်။ အခု ရင်ဆိုင်နေရတဲ့ ခံစစ်ယိုယွင်းမှုပြသာနာတွေက နောက်ပွဲတွေအထိပါ ဆက်လက်ပြီး ဖြစ်ပေါ်နေဦးမယ်ဆိုရင်တော့ ယူနိုက်တက်အသင်းဟာ လာမယ့်ဆောင်းရာသီစျေးကွက်ဖွင့်ချိန်မှာပဲ ခံစစ်မှူးသစ်တစ်ယောက်ကို အရခေါ်ယူဖွယ် ရှိနိုင်ပါတယ်။ လတ်တလော ယူနိုက်တက်ရဲ့ပစ်မှတ်ထဲမှာတော့ ဆီဗီလာအသင်းရဲ့ ပြင်သစ်နောက်ခံကစားသမား ခွန်ဒဲလ်နဲ့ ဗီလာရီးရဲလ်အသင်းရဲ့ စပိန်နောက်ခံကစားသမား ပါအူတောရက်စ်တို ပါဝင်လို့နေပြီး ဒီကစားသမားနှစ်ယောက်ထဲက တစ်ယောက်ယောက်ကို အရခေါ်ယူဖွယ် ရှိနေပါတယ်။ အသက်(၂၁)နှစ်သာရှိသေးတဲ့ ခွန်ဒဲလ်ကတော့ လက်ရှိမှာ ယူရိုသန်း(၇၀)လောက်အထိ တန်ကြေးရှိနေပြီး ပါအူတောရက်စ်ကတော့ ယူရိုသန်း(၄၀)သာရှိနေလို့ အပြောင်းအရွှေ့ဖြစ်ဖို့ ခက်ခဲနိုင်တဲ့ ခွန်ဒဲလ်ထက် ပါအူတောရက်စ်ကိုပဲ ဦးစားပေးကမ်းလှမ်းလာနိုင်သလို အသင်းမှာ အသုံးမပြုတော့တဲ့ ကစားသမားတွေနဲ့လည်း အလိုက်ပေးကမ်းလှမ်းလာဖွယ် ရှိနိုင်ပါတယ်။