ပရီးမီးယားလိဂ် နာမည်ကြီးအသင်း တသင်း ဖြစ်တဲ့ မန်ချက်စတာ ယူနိုက်တက်က နယ်သာလန်ကလပ် ဖီယင်နုရဲ့ ဘယ်နောက်ခံလူ မာလာစီယာကိုသာ ခေါ်ယူနိုင်ခဲ့ရင် အသင်းရဲ့ ရှိရင်းစွဲ ဘယ်နောက်ခံလူ ၂ဦး အနက် အဲလက်စ် တဲလက်စ်ကို ပြန်လည် ရောင်းထုတ်ဖို့ ဆုံးဖြတ်ထားကြောင်း မန်ချက်စတာ ညနေခင်း သတင်းဌာနက ဖော်ပြသွားခဲ့ပါတယ်။

မန်ချက်စတာ ယူနိုက်တက်က ယမန်နေ့ညမှာပဲ အသက် ၂၂နှစ် အရွယ် နယ်သာလန် လက်ရွေးစင် ဘယ်နောက်ခံလူ မာလာစီယာကို ကနဦး ပြောင်းရွှေ့ကြေး ယူရို ၁၅သန်း + အပိုဆုကြေး ယူရို ၃သန်းနဲ့ ကမ်းလှမ်းမှု ပြုလုပ်ခဲ့ပြီး ဖီယင်နုဘက်ကလည်း မန်ချက်စတာ ယူနိုက်တက်ရဲ့ ကမ်းလှမ်းမှုကို ချက်ချင်းဆိုသလို လက်ခံသွားခဲ့ပါတယ်။

Photo Credit: Metro

ဒါကြောင့်ပဲ မန်ချက်စတာ ယူနိုက်တက်က မာလာစီယာကို ခေါ်ယူနိုင်ဖို့ ကစားသမားနဲ့ ပုဂ္ဂိုလ်ရေးအရ သဘောတူညီမှု ရယူနိုင်ဖို့သာ လိုအပ်တော့ပြီး မာလာစီယာ ကိုယ်တိုင်ကလည်း လက်ရှိမှာ သူနဲ့ ဆွေးနွေးမှုတွေ ပြုလုပ်ထားတဲ့ လိုင်ယွန်ထက် မန်ချက်စတာ ယူနိုက်တက်ဆီသာ ပြောင်းရွှေ့ဖို့ ပိုမို စိတ်ဝင်စားနေပါတယ်။

လက်ရှိမှာတော့ မန်ချက်စတာ ယူနိုက်တက်ရဲ့ တာဝန်ရှိသူတွေက မာလာစီယာရဲ့ အပြောင်းအရွှေ့ကို အလျင်အမြန် အပြီးသတ်နိုင်ဖို့ အစွမ်းကုန် လုပ်ဆောင်နေကြသလို တချိန်ထဲမှာပဲ မာလာစီယာကို ခေါ်ယူပြီးပါက ရှိရင်းစွဲ ဘယ်နောက်ခံလူ နှစ်ဦး ဖြစ်တဲ့ လုခ်ရှောနဲ့ တဲလက်စ်တို့ နှစ်ဦးအနက် ဘယ်သူ့ကို ရောင်းထုတ်မလဲ ဆိုတာကိုပါ တပါထဲ ဆုံးဖြတ်ခဲ့ကြောင်း မန်ချက်စတာ ညနေခင်း သတင်းဌာနက ဖော်ပြသွားခဲ့ပါတယ်။

Photo Credit: Metro

မန်ချက်စတာ ညနေခင်း သတင်းဌာနရဲ့ ပင်တိုင် ဆောင်းပါးရှင် ဖြစ်သလို မန်ချက်စတာ ယူနိုက်တက်နဲ့ နီးစပ်တဲ့ တိုင်ရွန် မာရှောရဲ့ ဖော်ပြချက်အရ မန်ချက်စတာ ယူနိုက်တက်က မာလာစီယာကို ခေါ်ယူပြီးတာနဲ့ တဲလက်စ်ကို ရောင်းထုတ်ဖို့ ပြင်ဆင်ထားပြီး တဲလက်စ်အတွက် ကမ်းလှမ်းမှုတွေကို လက်ခံ စဉ်းစားသွားဖို့ အသင့် ရှိနေကြောင်း သိရပါတယ်။

မန်ချက်စတာ ယူနိုက်တက်က တဲလက်စ်ရဲ့ တန်ကြေးကို ယူရို ၁၅သန်း သတ်မှတ်ထားပြီး လက်ရှိမှာတော့ သူ့ရဲ့ အသင်းဟောင်း ပေါ်တို အပါအဝင် ဥရောပ နာမည်ကြီးအသင်း တချို့က တဲလက်စ်ကို ခေါ်ယူဖို့ စိတ်ဝင်စားနေကြပါတယ်။