ပရီးမီးယားလိဂ် နာမည်ကြီးကလပ် မန်ချက်စတာ ယူနိုက်တက်က သူတို့အသင်းရဲ့ ကြယ်ပွင့် တိုက်စစ်မှူး ရိုနယ်ဒိုကို ရောင်းချပြီးရင် အသင်းရဲ့ တိုက်စစ်ပိုင်း အတွက် အေဂျက်ရဲ့ တိုက်စစ် ကစားသမား အန်တိုနီကို ရအောင် ခေါ်ယူဖို့ ဆုံးဖြတ်ထားကြောင်း ယုံကြည် စိတ်ချရတဲ့ သတင်းရင်းမြစ်တွေက ဖော်ပြသွားကြပါတယ်။

အသက် ၃၇နှစ် အရွယ် ပေါ်တူဂီ အသင်းခေါင်းဆောင် တိုက်စစ်မှူး ရိုနယ်ဒိုက ပြီးခဲ့တဲ့ ဘောလုံးရာသီမှာ မန်ချက်စတာ ယူနိုက်တက်ရဲ့ ဂိုးသွင်းအများဆုံး ကစားသမား ဖြစ်ခဲ့ပေမယ့် အသင်းက ချန်ပီယံလိဂ်ဝင်ခွင့်နဲ့ လွဲချော်ခဲ့တာကြောင့် ယခု နွေဈေးကွက် အတွင်းမှာပဲ ထွက်ခွာခွင့် ပေးဖို့ တောင်းဆိုထားသူ ဖြစ်ပြီး စပိန် လာလီဂါ ထိပ်သီးကလပ် အက်သလက်တီကို မက်ဒရစ်က ရိုနယ်ဒိုကို ခေါ်ယူဖို့ စိတ်ဝင်စားနေပါတယ်။

Photo Credit: 90 Min

မန်ချက်စတာ ယူနိုက်တက်က ရိုနယ်ဒိုကို အသင်းမှာပဲ ဆက်လက် ထိန်းသိမ်းချင်ခဲ့ပေမယ့် ရိုနယ်ဒိုက အသင်းနဲ့အတူ ရာသီကြို လေ့ကျင့်ခန်းတွေ လာမလုပ်ပဲ ဆန္ဒပြခဲ့တာကြောင့် ရိုနယ်ဒိုကို ရောင်းထုတ်ဖို့ ခေါင်းညိတ်လိုက်ရပြီး ရိုနယ်ဒိုအတွက် အက်သလက်တီကို မက်ဒရစ်ရဲ့ ကမ်းလှမ်းမှုကို စောင့်ဆိုင်းနေပါတယ်။

မန်ချက်စတာ ယူနိုက်တက်က ရိုနယ်ဒိုကို ရောင်းချဖို့ ဆုံးဖြတ်လိုက်ပြီးနောက် အသင်းရဲ့ တိုက်စစ်ပိုင်းကို မဖြစ်မနေ အင်အားဖြည့်တင်းဖို့ လုပ်ဆောင်လာပြီး အဲရစ် တန်ဟက်ဂ်ရဲ့ စိတ်ကြိုက် ကစားသမား ဖြစ်သူ အေဂျက် တိုက်စစ်ကစားသမား အန်တိုနီကို ခေါ်ယူဖို့ သူ့ရဲ့ အေးဂျင့်တွေနဲ့ တရားဝင် ဆွေးနွေးမှုတွေ စတင် ပြုလုပ်နေပါတယ်။

Photo Credit: 90 Min

ဘရာဇီးလ် နာမည်ကြီး သတင်းထောက် သီယာဂို ဖာနန်ဒက်စ်ရဲ့ ဖော်ပြချက်အရ မန်ချက်စတာ ယူနိုက်တက်က ယခု နွေဈေးကွက် အတွင်းမှာပဲ အန်တိုနီ အတွက် တရားဝင် ဆွေးနွေးမှုတွေ ထပ်မံ ပြုလုပ်ဖို့ ဆုံးဖြတ်ထားပြီး အေဂျက်ဘက်က အန်တိုနီအတွက် တောင်းဆိုထားတဲ့ ပြောင်းရွှေ့ကြေး ယူရို ၈၀သန်းကို ပေးချေဖို့ စိတ်ကူးမရှိပေမယ့် အန်တိုနီကို ခေါ်ယူနိုင်ရန် အစွမ်းကုန် ကြိုးပမ်းသွားမယ်လို့ သိရပါတယ်။

နောက်ထပ် နာမည်ကြီး သတင်းမယ် တဦး ဖြစ်သူ ဆမ်ပလီစီယိုကလည်း မန်ချက်စတာ ယူနိုက်တက်ဟာ အန်တိုနီကို ခေါ်ယူဖို့ ထပ်မံ ကြိုးစားရန် ဆုံးဖြတ်ထားကြောင်းကို အတည်ပြုပေးခဲ့သလို မန်ချက်စတာ ယူနိုက်တက်က အန်တိုနီအတွက် သူတို့ရဲ့ ပထမဦးဆုံး ကမ်းလှမ်းချက် ဖြစ်တဲ့ ယူရို ၆၀သန်းထက် ပိုများတဲ့ ပမာဏ တရပ်နဲ့ ဒုတိယအကြိမ် ကမ်းလှမ်းဖို့ ပြင်ဆင်ထားကြောင်း ဖော်ပြထားပါတယ်။