ပရီးမီးယားလိဂ်ရဲ့ နာမည်ကြီးအသင်း ဖြစ်တဲ့ မန်ယူအသင်းဟာ ယမန်နေ့မှာတော့ အိမ်ကွင်း အိုးထရက်ဖို့ဒ်မှာ ချန်ပီယံရှစ်ကလပ် အသင်း ဖြစ်တဲ့ ဝက်စ်ဘရွန်းအသင်းနဲ့ ခြေစမ်းပွဲ နှစ်ပွဲ ကစားခဲ့ရာမှာ တစ်ပွဲနိုင် တစ်ပွဲရှုံး ရလဒ်ကို ရရှိခဲ့တယ်လို့ သိရပါတယ်။ ကိုရိုနာဗိုင်းရပ်ကြောင့် ရပ်နားထားခဲ့ရတဲ့ ပရီးမီးယားလိဂ်ပွဲစဉ်တွေကို လာမယ့်အပတ်မှာ ပြန်လည် ယှဉ်ပြိုင် ကစားကြရမှာ ဖြစ်ပြီး Lockdown ကာလအတွင်းမှာ အပေါ့စား လေ့ကျင့်ခန်းတွေသာ လုပ်ခဲ့ရတဲ့ ကစားသမားတွေအတွက် ကြံ့ခိုင်မှု ပြန်လည် ပြည့်ဝလာစေရန်အတွက် နာမည်ကြီးအသင်းတွေဟာ ခြေစမ်းပွဲတွေ ကစားနေကြပြီး မန်ယူ အသင်းဟာလည်း ဝက်စ်ဘရွန်းအသင်းနဲ့ တံခါးပိတ် ခြေစမ်းပွဲ ကစားခဲ့ပါတယ်။

Photo Credit: Mirror

ခြေစမ်းပွဲတစ်ပွဲကို မိနစ်၆၀ကြာမြင့်ခဲ့ကြောင်း သိရကာ စုစုပေါင်း မန်ယူအသင်းနဲ့ ဝက်စ်ဘရွန်းအသင်းဟာ ခြေစမ်းပွဲနှစ်ပွဲကို ရင်ဆိုင် ကစားခဲ့ကြပါတယ်။ အဆိုပါ ခြေစမ်းပွဲ နှစ်ပွဲအနက် ပထမပွဲမှာတော့ မန်ယူအသင်းဟာ ဝက်စ်ဘရွန်းအသင်းကို ၁-၂ဆိုတဲ့ ရလဒ်နဲ့ အရေးနိမ့်ခဲ့ပြီး အဆိုပါပွဲစဉ်မှာတော့ မန်ယူ အသင်းဘက်ကနေ ပေါ့ဘာ ၊ ဘရူနို ဖာနန်ဒက် ၊ ရက်ဖို့ဒ် ၊ မာရှယ် ၊ ဂရင်းဝုဒ် ၊ ဒန်နီရယ်ဂျိမ်း ၊ ဝီလီယံ ၊ ဘိုင်လီ စတဲ့ ကစားသမားတွေ ပါဝင် ကစားခဲ့ပါတယ်။ အဆိုပါပွဲစဉ်မှာ မန်ယူအသင်း အတွက် တစ်လုံးတည်းသော သွင်းဂိုးကိုတော့ ပင်နယ်တီကနေ တဆင့် ဘရူနိုဖာနန်ဒက်က သွင်းယူပေးခဲ့တာ ဖြစ်ပြီး ဝက်စ်ဘရွန်းအသင်း အတွက် သွင်းဂိုးနှစ်ဂိုး သွင်းယူပေးခဲ့သူကိုတော့ မသိရသေးပါဘူး။

Photo Credit: Mirror

ဒုတိယပွဲစဉ်မှာ​တော့ မန်ယူအသင်းဟာ ဝက်စ်ဘရွန်းအသင်းကို ၃-၁ဆိုတဲ့ ရလဒ်နဲ့ ပြန်လည် အနိုင်ရရှိခဲ့ပြီး မန်ယူအသင်းအတွက် သွင်းဂိုးတွေကိုတော့ ကွင်းလယ်လူ ပါရဲယားက နှစ်ဂိုး ၊ တောင်ပံကစားသမား တာဟစ်ချောင်က တစ်ဂိုး အသီးသီး သွင်းယူပေးခဲ့ကြပါတယ်။ အဆိုပါ ပွဲစဉ်မှာတော့ မန်ယူအသင်းဘက်မှ ဒီဂီယာ ၊ မက်ဂွိုင်းယား ၊ ဘစ်စကာ ၊ လုခ်ရေ​ှာ ၊ ဖရက်ဒ် ၊ ပါရဲယား ၊ ချောင် ၊ အီဂါလို စတဲ့ ကစားသမားတွေ ပါဝင် ကစားသွားခဲ့ကြပြီး ဝက်စ်ဘရွန်းအသင်းအတ​ွက် ဂိုးသွင်းယူပေးခဲ့သူကိုတော့ သတင်းတွေမှာ ဖော်ပြထားခြင်း မရှိခဲ့ပါဘူး။ မန်ယူအသင်းရဲ့ ခြေစမ်းပွဲနှစ်ပွဲရဲ့ လူစာရင်းကို ကြည့်ပြီး ချုံငုံသုံးသပ် ရရင်တော့ ပထမပွဲမှာ မန်ယူအသင်းဟာ တိုက်စစ်နဲ့ ကွင်းလယ်ကို အဓိက ကစားသမားတွေနဲ့ စုဖွဲ့ကစားခဲ့ပြီး ဒုတိယပွဲမှာတော့ ခံစစ်ကြောင်းကို အဓိက ပြင်ဆင်ခဲ့တာကို မြင်တွေ့ရမှာပဲ ဖြစ်ပါတယ်။