ပရီးမီးယားလိဂ် နာမည်ကြီးကလပ် မန်ချက်စတာ ယူနိုက်တက်က ယခုနှစ် နွေဈေးကွက် အတွင်းမှာ သူတို့အသင်းရဲ့ ထိပ်သီး ကွင်းလယ်ပစ်မှတ် ဖရန်ကီ ဒီဂျောင်ကိုသာ မခေါ်နိုင်ခဲ့ရင် လာဇီယိုရဲ့ အဓိက ကွင်းလယ်လူ မီလင်ကိုဗစ် ဆာဗစ်ကို အစားထိုး ခေါ်ယူဖို့ စီစဉ်ထားကြောင်း နာမည်ကြီး သတင်းထောက် ပလက်တန်ဘက်ခ်က အခိုင်အမာ ဆိုသွားခဲ့ပါတယ်။

မန်ချက်စတာ ယူနိုက်တက်ရဲ့ နည်းပြသစ် အဲရစ် တန်ဟက်ဂ်က အသင်းကနေ ထွက်ခွာသွားတဲ့ ကွင်းလယ်လူ နှစ်ဦး ဖြစ်တဲ့ ပေါ့ဘာနဲ့ မာတစ်တို့ရဲ့ နေရာတွေ အတွက် သူ့ရဲ့ တပည့်ဟောင်း တဦး ဖြစ်သူ ဘာစီလိုနာ ကွင်းလယ်လူ ဖရန်ကီ ဒီဂျောင်ကို ခေါ်ယူချင်နေပြီး ယူနိုက်တက်ကလည်း ဒီဂျောင်ကို ခေါ်ယူဖို့ အတွက် ဘာစီလိုနာနဲ့ တရားဝင် သဘောတူညီမှု ရရှိထားပါတယ်။

Photo Credit: The Sun

မန်ချက်စတာ ယူနိုက်တက်က ဒီဂျောင်ကို ကနဦး ပြောင်းရွှေ့ကြေး ယူရို ၇၅သန်း + အပိုဆုကြေး ယူရို ၁၀သန်းနဲ့ ခေါ်ယူဖို့ ဘာစီလိုနာနဲ့ သဘောတူညီမှု ရရှိထားပေမယ့် ဒီဂျောင်က ယူနိုက်တက်ဆီ ပြောင်းရွှေ့ဖို့ ငြင်းဆန်နေဆဲ ဖြစ်ပြီး ဘာစီလိုနာကနေ သူ ရစရာ ရှိတဲ့ လုပ်ခလစာ အကြွေးတွေ အားလုံး ရရှိမှသာ မန်ချက်စတာ ယူနိုက်တက်ဆီ ပြောင်းရွှေ့ဖို့ စဉ်းစားဖွယ် ရှိနေပါတယ်။

ဒါကြောင့်ပဲ မန်ချက်စတာ ယူနိုက်တက်က ဒီဂျောင်ကို ခေါ်ယူနိုင်ဖို့ မရေရာတဲ့ အနေအထား တရပ်မှာ ရှိနေပြီး ယူနိုက်တက်ရဲ့ တာဝန်ရှိသူတွေက ဒီဂျောင်ကို မခေါ်နိုင်ခဲ့ရင် အစားထိုး ခေါ်ယူမယ့် ကွင်းလယ်လူ တဦးကို စတင် ရှာဖွေနေကာ လာဇီယိုရဲ့ အဓိက ကွင်းလယ်လူ မီလင်ကိုဗစ် ဆာဗစ်ဟာ ယူနိုက်တက်ရဲ့ မျက်စိကျခြင်းကို ခံနေရပါတယ်။

Photo Credit: The Sun

နာမည်ကြီး သတင်းထောက် ပလက်တန်ဘက်ခ်ရဲ့ ဖော်ပြချက်အရ ယူနိုက်တက်က ဒီဂျောင်ကို မရခဲ့ရင် မီလင်ကိုဗစ် ဆာဗစ်ကို အစားထိုး ခေါ်ယူဖို့ စီစဉ်ထားပြီး ဆာဗစ်ကလည်း ယခု နွေဈေးကွက် အတွင်းမှာ ထိပ်သီးအသင်း တသင်းဆီ ပြောင်းရွှေ့ချင်နေတာကြောင့် ယူနိုက်တက်ရဲ့ ကမ်းလှမ်းမှုသာ ရလာရင် လက်ခံဖို့ အဆင်သင့် ရှိနေကြောင်း သိရပါတယ်။

လာဇီယိုကတော့ သူတို့အသင်းရဲ့ ကွင်းလယ်ကြယ်ပွင့် မီလင်ကိုဗစ် ဆာဗစ် အတွက် အနိမ့်ဆုံး ပြောင်းရွှေ့ကြေး ယူရို ၆၀သန်း ဝန်းကျင် တောင်းဆိုဖွယ် ရှိနေပြီး မန်ချက်စတာ ယူနိုက်တက်က ဒီဂျောင်ကိုသာ မခေါ်နိုင်ခဲ့ရင် ဆာဗစ်အတွက် ပြောင်းရွှေ့ကြေး ယူရို ၆၀သန်းကို အလွယ်တကူ ပေးချေနိုင်ကြောင်း အပြောင်းအရွှေ့ ကျွမ်းကျင်သူတွေက သုံးသပ်ထားကြပါတယ်။