ပရီးမီးယားလိဂ် နာမည်ကြီးကလပ် မန်ချက်စတာ ယူနိုက်တက်က သူတို့အသင်းရဲ့ အားနည်းနေတဲ့ တိုက်စစ်ပိုင်း အတွက် အင်အားဖြည့်တင်းမှု တရပ် အဖြစ် မိုချန် ဂလာဘက်နဲ့အတူ တောက်ပနေတဲ့ တိုက်စစ်မှူး မားကပ် သူရမ်ကို ခေါ်ယူဖို့ ကြိုးစားနေပြီး သူရမ်ရဲ့ အေးဂျင်ထံ ဆက်သွယ်ကာ တရားဝင် ကမ်းလှမ်းမှု တခုပါ ပြုလုပ်ခဲ့ကြောင်း ဂျာမန်အခြေစိုက် နာမည်ကြီး သတင်းဌာနတွေက ဖော်ပြသွားကြပါတယ်။

မန်ချက်စတာ ယူနိုက်တက်က အသင်းရဲ့ ကြယ်ပွင့် တိုက်စစ်မှူး ရိုနယ်ဒိုနဲ့ နှစ်ဦးသဘောတူ စာချုပ်ဖျက်သိမ်းပြီးနောက် ယခု ဆောင်းဈေးကွက် အတွင်းမှာ အထောင်တိုက်စစ်မှူး တဦး ခေါ်ယူဖို့ ကြိုးပမ်းနေပြီး သူတို့က အက်သလက်တီကို မက်ဒရစ် တိုက်စစ်မှူး ဂျာအို ဖီးလစ် ၊ ဒေါ့မွန် လူငယ်တိုက်စစ်မှူး မူခိုခိုနဲ့ မားကပ် သူရမ်တို့ကို အဓိက ပစ်မှတ်တွေ အဖြစ် သတ်မှတ်ထားပါတယ်။

Photo Credit: Euro Sports

အသက် ၂၅နှစ် အရွယ် ပြင်သစ် လက်ရွေးစင် တိုက်စစ်မှူး မားကပ် သူရမ်က ယခုနှစ် ဘောလုံးရာသီ အကုန်မှာ ဂလာဘက်နဲ့ စာချုပ်သက်တမ်း ကုန်ဆုံးမယ့် ကစားသမား တဦး ဖြစ်တာကြောင့် ယခု ဆောင်းဈေးကွက် အတွင်းမှာ သူ နှစ်သက်ရာ အသင်းနဲ့ တရားဝင် ဆွေးနွေးခွင့် ရထားပြီး မားကပ် သူရမ်ကတော့ အခြားအသင်းတွေထက် မန်ချက်စတာ ယူနိုက်တက်ဆီသာ ပြောင်းရွှေ့ဖို့ ဆန္ဒပြင်းပျနေပါတယ်။

ဂျာမန် နာမည်ကြီး သတင်းဌာန တခု ဖြစ်တဲ့ Bild သတင်းဌာနရဲ့ ဖော်ပြချက်အရ မားကပ် သူရမ်က ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်းမှာ နယူးကာဆယ်ရဲ့ တနှစ် လုပ်ခလစာ ယူရို ၁၂သန်းတန် ကမ်းလှမ်းမှု တရပ် ရရှိခဲ့ပေမယ့် မန်ချက်စတာ ယူနိုက်တက်ဆီသာ ပြောင်းရွှေ့ချင်နေတာကြောင့် နယူးကာဆယ်ရဲ့ ကမ်းလှမ်းမှုကို ပယ်ချခဲ့ပြီး မန်ချက်စတာ ယူနိုက်တက်နဲ့သာ အပြောင်းအရွှေ့ အတွက် ဆွေးနွေးဖို့ သူ့ရဲ့ အေးဂျင့်ကို ညွှန်ကြားခဲ့ကြောင်း သိရပါတယ်။

Photo Credit: Euro Sports

မန်ချက်စတာ ယူနိုက်တက်ကလည်း သူရမ်လို အရည်အသွေးမြင့် တိုက်စစ်မှူး တဦးကို ခေါ်ယူဖို့ စိတ်ဝင်စားနေပြီး မန်ချက်စတာ ယူနိုက်တက်ရဲ့ တာဝန်ရှိသူတွေက ယနေ့မှာပဲ သူရမ်ရဲ့ အေးဂျင့်ထံ ကမ်းလှမ်းမှု တရပ် ပေးပို့ခဲ့ကာ သူရမ်ရဲ့ အေးဂျင့်နဲ့ ယူနိုက်တက်တို့ ကြားထဲမှာ တရားဝင် ဆွေးနွေးမှုတွေ ရှိနေကြောင်း နာမည်ကြီး သတင်းဌာန တခု ဖြစ်တဲ့ Repubblica သတင်းဌာနက အခိုင်အမာ ဖော်ပြထားပါတယ်။

မန်ချက်စတာ ယူနိုက်တက်က သူရမ်နဲ့သာ ပုဂ္ဂိုလ်ရေးအရ သဘောတူညီမှု ရယူနိုင်ခဲ့ရင် သူရမ်ကို ရာသီကုန်မှာ အလွတ်နဲ့ ခေါ်ယူနိုင်ဖို့ ရှိနေပေမယ့် သူတို့ရဲ့ တိုက်စစ်ပိုင်း လိုအပ်ချက်ကြောင့် သူရမ်ကို ပြောင်းရွှေ့ကြေး အနည်းငယ်နဲ့ ယခု ​ဆောင်းဈေးကွက် အတွင်းမှာတင် ခေါ်ယူဖို့ စဉ်းစားထားကာ မိုချန် ဂလာဘက်ကတော့ သူရမ်အတွက် ပြောင်းရွှေ့ကြေး ယူရို ၁၀သန်းနဲ့ ၁၅သန်းကြား ပမာဏ တရပ် တောင်းဆိုဖွယ် ရှိနေကြောင်းလည်း သိရပါတယ်။