အင်္ဂလန် ပရီးမီးယားလိဂ်ရဲ့ နာမည်ကြီးအသင်းတွေ ဖြစ်တဲ့ မန်ချက်စတာ ယူနိုက်တက်နဲ့ နယူးကာဆယ်တို့က ဂျာမန်ထိပ်သီးကလပ် ဘိုင်ယန်မြူးနစ်နဲ့ အနာဂတ် မရေမရာ ဖြစ်နေတဲ့ တိုက်စစ်မှူး ဆာဒီယို မာနေးကို ခေါ်ယူဖို့ စိတ်ဝင်စားနေကြောင်း ယုံကြည် စိတ်ချရတဲ့ ဂျာမန်သတင်းရင်းမြစ် တချို့က ဖော်ပြလာခဲ့ပါတယ်။

အသက် ၃၁အရွယ် ဆီနီဂေါ လက်ရွေးစင် တိုက်စစ်မှူး ဆာဒီယို မာနေးက ယခုနှစ် ဘောလုံးရာသီ အစကမှ လီဗာပူး ကနေ ဘိုင်ယန်မြူးနစ်ထံ ပြောင်းရွှေ့ကြေး ယူရို ၃၂သန်းနဲ့ ပြောင်းရွှေ့ခဲ့သူ ဖြစ်ပြီး မာနေးဟာ ဘိုင်ယန်မြူးနစ်နဲ့ ၂၀၂၅ခုနှစ် အထိ သက်တမ်း ရှိတဲ့ စာချုပ်တရပ် ချုပ်ဆိုထားပါတယ်။

Photo Credit: Standard

မာနေးက ဘိုင်ယန်မြူးနစ်ဆီ ၃နှစ် သက်တမ်း ရှိတဲ့ စာချုပ်တရပ်နဲ့ ပြောင်းရွှေ့ခဲ့ပေမယ့် အသင်းသစ်မှာ ထင်ထားသလို ခြေစွမ်းကောင်းတွေ ပြသနိုင်ခဲ့ခြင်း မရှိသလို အသင်းဖော် တဦး ဖြစ်သူ ဆာနေးနဲ့လည်း ထိုးကြိတ်တဲ့ အထိ ရန်ပွဲ ဖြစ်ပွားခဲ့ပါတယ်။

ဒါကြောင့်ပဲ ဘိုင်ယန်မြူးနစ်က ယခုနှစ် ဘောလုံးရာသီ ကုန်ဆုံးချိန်မှာပဲ မာနေးကို အသင်းကနေ ပြန်လည် ရောင်းထုတ်ချင်နေပြီး ဘိုင်ယန်မြူးနစ်ဟာ မာနေးကို ပြောင်းရွှေ့ကြေး ယူရို ၂၀သန်း ဝန်းကျင် ရရှိရုံနဲ့ ပြန်လည် ရောင်းထုတ်ဖို့ ဆုံးဖြတ်ထားပါတယ်။

Photo Credit: The Sun

နာမည်ကြီး ဂျာမန်သတင်းထောက် ပလက်တန်ဘက်ရဲ့ ဖော်ပြချက်အရ မန်ချက်စတာ ယူနိုက်တက်နဲ့ နယူးကာဆယ်တို့က မာနေးကို ခေါ်ယူဖို့ အပြိုင်အဆိုင် စိတ်ဝင်စားနေကြပြီး နှစ်သင်းစလုံးရဲ့ တာဝန်ရှိသူတွေဟာ မာနေးကို ခေါ်ယူနိုင်ဖို့ ဘိုင်ယန်မြူးနစ်ထံ ဆက်သွယ်မှု တချို့ လုပ်ဆောင်ထားကြောင်း သိရပါတယ်။

မန်ချက်စတာ ယူနိုက်တက်နဲ့ နယူးကာဆယ်တို့က မာနေးကို ခေါ်ယူဖို့ စိတ်ဝင်စားနေကြပေမယ့် မာနေးကတော့ ဘိုင်ယန်မြူးနစ်မှာသာ ဆက်ကစားချင်နေပြီး ယူနိုက်တက်နဲ့ နယူးကာဆယ်တို့က မာနေးကို ခေါ်ယူချင်ရင် မာနေးရဲ့ စိတ်ကို အရင်ဆုံး ပြောင်းလဲနိုင်ရန် လိုအပ်ကြောင်း နာမည်ကြီး သတင်းထောက် ဖာဘရီဇီယို ရိုမာနိုက ဆိုပါတယ်။