ပရီးမီးယားလိဂ် အင်အားကြီးကလပ် မန်ချက်စတာ ယူနိုက်တက်အသင်းဟာ ယခုနှစ် နွေရာသီ အပြောင်းအရွှေ့မှာ သူတို့အသင်းရဲ့ နံပါတ်တစ် ပစ်မှတ် ကစားသမားတွေထဲက တဦး ဖြစ်တဲ့ ရီးရဲလ်မက်ဒရစ် အသင်းရဲ့ နောက်ခံလူ ဗာရန်းအတွက် တရားဝင် ကမ်းလှမ်းမှု တခု စတင် ပြုလုပ်ခဲ့ကြောင်း ဥရောပ အခြေစိုက် သတင်းဌာန အများစုက ဖော်ပြသွားကြပါတယ်။

မန်ချက်စတာ ယူနိုက်တက်အသင်းဟာ ယခုနှစ် နွေရာသီ အပြောင်းအရွှေ့မှာ အသင်းရဲ့ အဓိက နောက်ခံလူ မက်ဂွိုင်းယားနဲ့ တွဲဖက် ကစားနိုင်မယ့် ဗဟိုခံစစ်မှူး တဦးကို ခေါ်ယူဖို့ လျာထားတဲ့ အသင်းတသင်း ဖြစ်ပြီး ရီးရဲလ်မက်ဒရစ်အသင်း ကနေ ထွက်ခွာဖို့ တာစူနေတဲ့ ပြင်သစ် လက်ရွေးစင် နောက်ခံလူ ဗာရန်းဟာ သူတို့အသင်းရဲ့ နံပါတ်တစ် ပစ်မှတ်ပဲ ဖြစ်ပါတယ်။

Photo Credit: Metro

အသက် ၂၈နှစ် အရွယ် ပြင်သစ် လက်ရွေးစင် နောက်ခံလူ ဗာရန်းဟာ ရီးရဲလ်မက်ဒရစ်အသင်းနဲ့ စာချုပ်သက်တမ်း ၁နှစ်သာ ကျန်တော့တဲ့ ကစားသမား ဖြစ်ပြီး ရီးရဲလ်မက်ဒရစ် အသင်းက သူ့ကို စာချုပ်သစ် ချုပ်ဆိုဖို့ ကမ်းလှမ်းထားပေမယ့် ဗာရန်းကတော့ စိန်ခေါ်မှုအသစ်တွေနဲ့ ရင်ဆိုင်ချင်တာကြောင့် လက်ရှိ နွေရာသီ အပြောင်းအရွှေ့မှာပဲ အသင်းကနေ ထွက်ခွာဖို့ စဉ်းစားနေပါတယ်။

ဒါကြောင့်ပဲ မန်ချက်စတာ ယူနိုက်တက်အသင်းက ဗာရန်းကို ခေါ်ယူဖို့ အရှိန်အဟုန်မြှင့် ကြိုးစားလာတာ ဖြစ်ပြီး နာမည်ကြီး သတင်းထောက် ဖြစ်သူ ဖာဘရီဇီယို ရိုမာနိုရဲ့ အဆိုအရ မန်ချက်စတာ ယူနိုက်တက်ဟာ ဗာရန်းနဲ့ ပုဂ္ဂိုလ်ရေးအရ သဘောတူညီမှု ရယူနိုင်ဖို့ အခက်အခဲ မရှိပဲ ဗာရန်းကို ခေါ်ယူနိုင်ဖို့ ရီးရဲလ်မက်ဒရစ် အသင်းနဲ့ ပြောင်းရွှေ့ကြေး သဘောတူညီမှု ရယူနိုင်ရန်သာ လိုအပ်ကြောင်း သိရပါတယ်။

Photo Credit: Metro

ရီးရဲလ်မက်ဒရစ်အသင်း ကတော့ သူတို့အသင်းရဲ့ အဓိက နောက်ခံလူ ဗာရန်းကို လက်မလွှတ်ချင်ပေမယ့် အကယ်၍ ဗာရန်းကသာ အသင်းနဲ့ စာချုပ်သစ် မချုပ်ဆိုဘူး ဆိုရင် ဗာရန်းကို ယခုနှစ် နွေအပြောင်းအရွှေ့မှာပဲ ရောင်းထုတ်ဖို့ ဆုံးဖြတ်ထားကာ ဗာရန်းရဲ့ နေရာကို ဗီလာရီးရဲလ်အသင်းရဲ့ နောက်ခံလူ ပါအူတောရက်စ် ၊ ဆီဗီးလားအသင်းရဲ့ နောက်ခံလူ ကွန်ဒီတို့နဲ့ အစားထိုးဖို့ စီစဉ်ထားပါတယ်။

နာမည်ကြီး သတင်းဌာန တခု ဖြစ်တဲ့ Sky Italiaရဲ့ ဖော်ပြချက်အရ မန်ချက်စတာ ယူနိုက်တက်အသင်းဟာ ဗာရန်းအတွက် ရီးရဲလ်မက်ဒရစ် အသင်းထံ ကနဦး ပြောင်းရွှေ့ကြေး ယူရို ၄၀သန်း + အပိုဆုကြေး ဆိုတဲ့ ကမ်းလှမ်းမှု တခုကို စတင် ပြုလုပ်ခဲ့ပြီး ရီးရဲလ်မက်ဒရစ် အသင်းက အဆိုပါ ကမ်းလှမ်းမှုကို ပယ်ချခဲ့ကာ ဗာရန်းအတွက် ပြောင်းရွှေ့ကြေး ယူရို ၇၀သန်း တောင်းခံခဲ့ကြောင်း သိရပါတယ်။ ရီးရဲလ်မက်ဒရစ် အသင်းက သူတို့ရဲ့ ကနဦး ကမ်းလှမ်းချက်ကို ပယ်ချခဲ့ပေမယ့် မန်ချက်စတာ ယူနိုက်တက်အသင်းဟာ နောက်ထပ် ကမ်းလှမ်းမှုတွေ ပြုလုပ်ဖို့ အသင့် ရှိနေသလို ရီးရဲလ်မက်ဒရစ် အသင်းနဲ့လည်း ဗာရန်းရဲ့ အပြောင်းအရွှေ့ အတွက် တရားဝင် ဆွေးနွေးမှုတွေ စတင်နိုင်ခဲ့ကြောင်း မန်ချက်စတာ ညနေခင်း သတင်းဌာနက ဆိုပါတယ်။