ပရီးမီးယားလိဂ်ရဲ့ အင်အားကြီးအသင်း နှစ်သင်း ဖြစ်တဲ့ လီဗာပူးနဲ့ မန်ချက်စတာ ယူနိုက်တက်တို့က လာမယ့် နွေဈေးကွက် အတွင်းမှာ ဒေါ့မွန် လူငယ်ကြယ်ပွင့် ကွင်းလယ်လူ ဘယ်လင်ဟမ်ကို ခေါ်ယူနိုင်ဖို့ အလားအလာ အများဆုံး ဖြစ်နေကြောင်း ဘွန်ဒက်လီဂါရဲ့ သတင်းတွေနဲ့ ပတ်သတ်ရင် ယုံကြည် စိတ်ချရတဲ့ နာမည်ကြီး သတင်းထောက် ပလက်တန်ဘက်ခ်က အခိုင်အမာ ထုတ်ဖော် ပြောကြားသွားပါတယ်။

အသက် ၁၉နှစ် အရွယ်သာ ရှိသေးတဲ့ အင်္ဂလန် လက်ရွေးစင် လူငယ်ကြယ်ပွင့် ဘယ်လင်ဟမ်က ဆယ်ကျော်သက် ကစားသမား တဦး ဖြစ်ပေမယ့် လက်ရှိမှာ ဒေါ့မွန်ရဲ့ အဓိက ကွင်းလယ်လူ အဖြစ် ခြေစွမ်းကောင်းတွေ ပြသထားနိုင်ကာ ဒေါ့မွန်အတွက် ယခုနှစ် ဘောလုံးရာသီမှာ ပြိုင်ပွဲစုံ ၈ပွဲ ပါဝင် ကစားထားရာ သွင်းဂိုး ၂ဂိုး သွင်းယူထားနိုင်ပါတယ်။

Photo Credit: Express

ဘယ်လင်ဟမ်က ဗဟိုကွင်းလယ်လူ တဦး အဖြစ် ကစားပေမယ့် သူ့ရဲ့ ကစားပုံဟာ ယနေ့ခေတ်မှာ မြင်တွေ့ဖို့ ခဲယဉ်းသွားတဲ့ Box to Box ကွင်းလယ်လူ တဦးရဲ့ ကစားဟန်မျိုး ဖြစ်ပြီး သူက ကြံ့ခိုင်မှုပိုင်းရော ၊ နည်းစနစ်ပိုင်းမှာပါ ကောင်းမွန်တာကြောင့် တိုက်စစ်ရော ၊ ခံစစ်ကိုပါ ကူညီနိုင်စွမ်း ရှိသူပါ။

ဒါကြောင့်ပဲ မန်ချက်စတာ ယူနိုက်တက်နဲ့ လီဗာပူး အပါအဝင် ဥရောပ အင်အားကြီးအသင်းတွေ အားလုံးက ဘယ်လင်ဟမ်ကို လာမယ့် နွေဈေးကွက်မှာ ခေါ်ယူဖို့ စိတ်ဝင်စားနေပြီး ဒေါ့မွန်ကတော့ သူတို့အသင်းရဲ့ အဓိက ကွင်းလယ်လူ ဘယ်လင်ဟမ်ကို မရောင်းချဘူးလို့ ယတိပြတ် ပြောကြားထားပါတယ်။

Photo Credit: Express

ဒါပေမယ့် သူတို့လိုချင်တဲ့ ပြောင်းရွှေ့ကြေးကိုသာ ရမယ် ဆိုရင် ကစားသမားတွေကို အသင်းကနေ ထွက်ခွာခွင့် ပေးလေ့ ရှိတဲ့ ဒေါ့မွန်ရဲ့ အစဉ်အလာကြောင့် ဘယ်လင်ဟမ်ဟာ လာမယ့် နွေဈေးကွက်မှာပဲ ဒေါ့မွန်ကို စွန့်ခွာဖို့ အလားအလာ များပြားနေကာ နာမည်ကြီး သတင်းထောက် ပလက်တန်ဘက်ခ်ကတော့ မန်ယူနဲ့ လီဗာပူးတို့ နှစ်သင်းစလုံးဟာ အခြားအသင်းတွေထက် ဘယ်လင်ဟမ်ကို ခေါ်ယူနိုင်ဖို့ ပိုမို နီးစပ်နေကြောင်း ဆိုပါတယ်။

ဘယ်လင်ဟမ်ရဲ့ အပြောင်းအရွှေ့နဲ့ ပတ်သတ်ပြီး ပလက်တန်ဘက်ခ်က – “ကျွန်တော်ကတော့ လာမယ့် ၂၀၂၃ခုနှစ်မှာ ဘယ်လင်ဟမ်က ဒေါ့မွန်ကို စွန့်ခွာလိမ့်မယ်လို့ ယုံကြည်ထားပါတယ်။ ပြီးတော့ လီဗာပူးနဲ့ မန်ချက်စတာ ယူနိုက်တက် နှစ်သင်းစလုံးက သူ့ကို ခေါ်ယူနိုင်ဖို့ အနီးစပ်ဆုံး ဖြစ်နေတဲ့ အသင်းတွေပါ။ ဒါကြောင့် သူက လီဗာပူး (ဒါမှမဟုတ်) မန်ချက်စတာ ယူနိုက်တက်ဆီ ပြောင်းရွှေ့နိုင်ချေ ရှိပါတယ်” လို့ ပြောကြားသွားခဲ့တာပါ။