ပရီးမီးယားလိဂ် အင်အားကြီး အသင်းတစ်သင်း ဖြစ်တဲ့ မန်ချက်စတာ ယူနိုက်တက် အသင်းကတော့ ပြီးခဲ့တဲ့ နွေရာသီ အပြောင်းအရွှေ့မှာ သူတို့အသင်းက အသည်းအသန် လိုချင်ခဲ့တဲ့ ဒေါ့မွန်အသင်းရဲ့ အင်္ဂလန် လက်ရွေးစင် တောင်ပံ ကစားသမား ဆန်ချိုထက် သူ့ရဲ့ အသင်းဖော် ဖြစ်သူ နော်ဝေတိုက်စစ်မှူး ဟာလန်းကို သာ ခေါ်ယူဖို့ စဉ်းစားနေကြောင်း နာမည်ကြီး သတင်းဌာနတွေက ဖော်ပြ သွားကြပါတယ်။ အသက် ၂၀ အရွယ်သာ ရှိသေးတဲ့ အင်္ဂလန် လက်ရွေးစင် တောင်ပံ ကစားသမား ဆန်ချိုဟာ ပြီးခဲ့တဲ့ ဘောလုံးရာသီမှာ စွမ်းဆောင်ရည် အကောင်းဆုံး လူငယ် ကစားသမား သုံးဦးအနက် တစ်ဦး အပါအဝင် ဖြစ်ခဲ့သလို မန်ချက်စတာ ယူနိုက်တက် အသင်းထံ ရောက်ရှိဖို့လည်း လက်တစ်ကမ်း အကွာအထိ နီးစပ်ခဲ့သူ ဖြစ်ပါတယ်။

Photo Credit: The  Sun

မန်ချက်စတာ ယူနိုက်တက် အသင်းဟာ ပြီးခဲ့တဲ့ နွေရာသီ အပြောင်းအရွှေ့မှာ ဆန်ချိုကို ပြောင်းရွှေ့ကြေး ယူရို ၁၀၀သန်းနဲ့ ကမ်းလှမ်းခဲ့ပေမယ့် ဒေါ့မွန်အသင်း ကတော့ ဆန်ချိုအတွက် ပြောင်းရွှေ့ကြေးကို ယူရို ၁၂၀သန်း အတိသာ လိုချင်နေတာကြောင့် အပြောင်းအရွှေ့ဟာ ပျက်ပြယ်ခဲ့ရတာပါ။ လက်ရှိ ဘောလုံးရာသီ မှာတော့ ဆန်ချိုရဲ့ ခြေစွမ်းဟာ အနည်းငယ် ကျဆင်းနေပြီး ပြိုင်ပွဲစုံ ၁၈ပွဲ ပါဝင် ကစားထားရာ သွင်းဂိုး ၄ဂိုး သွင်းယူထားကာ ဂိုးဖန်တီးမှု ၈ကြိမ်အထိ ပြုလုပ် ထားနိုင်ခဲ့ပါတယ်။ နာမည်ကြီး သတင်းဌာန တစ်ခုဖြစ်သူ Mirror သတင်းဌာနရဲ့ ဖော်ပြချက် အရတော့ မန်ချက်စတာ ယူနိုက်တက် အသင်းဟာ လက်ရှိမှာ ဆန်ချိုကို ခေါ်ယူဖို့ထက် သူ့ရဲ့ အသင်းဖော် တစ်ဦးဖြစ်သူ ဟာလန်းကိုသာ ခေါ်ယူဖို့ စိတ်ဝင်စားလာကြောင်း သိရှိ ရပါတယ်။

Photo Credit: The  Sun

အသက် ၂၀ အရွယ်သာ ရှိသေးတဲ့ နော်ဝေအသင်းရဲ့ လူငယ် တိုက်စစ်မှူး ဟာလန်းဟာ လက်ရှိအချိန်မှာ ကမ္ဘာ့အကောင်းဆုံး လူငယ် တိုက်စစ်မှူး တစ်ဦးအဖြစ် ရပ်တည်နေသူ ဖြစ်ပြီး သူဟာ အသက် ၂၀ အရွယ်သာ ရှိသေးပေမယ့် ဒေါ့မွန်အသင်းရဲ့ အဓိက ကစားသမား အဖြစ် သတ်မှတ်ခံထားရသူပါ။ ဟာလန်း ဟာ လက်ရှိ ဘောလုံးရာသီ ပြိုင်ပွဲစုံမှာ ၁၄ပွဲ ပါဝင် ကစားထားပြီး သွင်းဂိုး ၁၇ဂိုး သွင်းယူထားကာ ဂိုးဖန်တီးမှု ၃ကြိမ် အထိ ပြုလုပ် ထားနိုင်ပါတယ်။ လက်ရှိမှာ ဟာလန်းကို ခေါ်ယူဖို့ အတွက် ဥရောပ အသင်းကြီး အတော်များများက စိတ်ဝင်စား နေပေမယ့် မန်ချက်စတာ ယူနိုက်တက် အသင်းကတော့ ဟာလန်းနဲ့ နည်းပြ ဆိုးလ်ရှားကြားထဲမှာ ရှိနေတဲ့ ဆက်ဆံရေးကြောင့် ဟာလန်းဟာ သူတို့အသင်းထံ ပြောင်းရွှေ့နိုင်တယ်လို့ ယူဆနေကာ လာမယ့် နွေရာသီ အပြောင်းအရွှေ့ မတိုင်မီ ဟာလန်းကို ကမ်းလှမ်းသွားဖို့ စဉ်းစားနေကြောင်း အသင်းနဲ့ နီးစပ်သူတွေက ဖွင့်ဟ ထားပါတယ်။