ယခုတပတ် တနင်္ဂနွေနေ့မှာတော့ အင်္ဂလန် ဘောလုံးလောကရဲ့ အကြီးကျယ်ဆုံး ဒါဘီပွဲလို့ တင်စားခံထားရတဲ့ လီဗာပူးနဲ့ မန်ချက်စတာ ယူနိုက်တက်တို့ရဲ့ အင်္ဂလန်ဒါဘီပွဲဟာ လီဗာပူးရဲ့ အန်ဖီးလ်ကွင်းထဲမှာ ယှဉ်ပြိုင် ကစားတော့မှာပဲ ဖြစ်ပါတယ်။

လီဗာပူးနဲ့ မန်ချက်စတာ ယူနိုက်တက်တို့က လက်ရှိ အင်္ဂလန်ရဲ့ အောင်မြင်မှု အများဆုံး အသင်းတွေ ဖြစ်ကြသလို အစဉ်အလာအရ နှစ်သင်း ထိပ်တိုက် တွေ့ဆုံတိုင်း ပြိုင်ဆိုင်မှု ပြင်းထန်တဲ့ ပွဲကောင်းတွေကို မြင်တွေ့ရလေ့ရှိတာကြောင့် လီဗာပူးနဲ့ မန်ချက်စတာ ယူနိုက်တက် ပွဲစဉ်ဟာ ပရိသတ်တွေ မလွတ်တမ်း စောင့်ကြည့်ရမယ့်ပွဲပါ။

Photo Credit: Goal

လက်ရှိအခြေအနေတွေ အရ အိမ်ရှင် လီဗာပူးက ပရီးမီးယားလိဂ် ချန်ပီယံဆု အတွက် အမှားခံလို့ မရသလို ဧည့်သည် မန်ချက်စတာ ယူနိုက်တက်ကလည်း ချန်ပီယံလိဂ်ဝင်ခွင့် အတွက် အဆင့်(၄)အတွင်းမှာ ရှိနေတဲ့ အသင်းတွေနဲ့ ထပ်ပြီး အမှတ်ပြတ်ခံလို့ မရတော့တာကြောင့် နှစ်သင်းစလုံးက နိုင်ပွဲအတွက် ဦးတည် ကစားလာမှာ အသေအချာပါပဲ။

ဒါပေမယ့် ဧည့်သည် မန်ချက်စတာ ယူနိုက်တက်က လတ်တလောမှာ ရလဒ်တွေ တောက်လျှောက် ဆိုးဝါးနေသလို လီဗာပူးရဲ့ အန်ဖီးလ်ကွင်းမှာ နောက်ဆုံး ၅နှစ် အတွင်း သွင်းဂိုး တဂိုးမှ မသွင်းနိုင်တဲ့ မှတ်တမ်းဆိုး တခုကိုလည်း ပိုင်ဆိုင်ထားပါတယ်။

Photo Credit: OPTA Analyst

မန်ချက်စတာ ယူနိုက်တက်ဟာ ၂၀၁၈ခုနှစ် ၊ ဒီဇင်ဘာလ ၁၆ရက်နေ့မှာ ယှဉ်ပြိုင် ကစားခဲ့တဲ့ လီဗာပူး ၃-၁ မန်ချက်စတာ ယူနိုက်တက် ပွဲပြီးကတည်းက အန်ဖီးလ်ကွင်းမှာ ဂိုးမသွင်းနိုင်တော့တာ ဖြစ်ပြီး ၅နှစ်တာ ကာလအတွင်းမှာ မန်ချက်စတာ ယူနိုက်တက်ဟာ အန်ဖီးလ်ကွင်းမှာ လီဗာပူးနဲ့ ၄ကြိမ် ယှဉ်ပြိုင် ကစားခဲ့ရာ သွင်းဂိုး သုညနဲ့ ပေးဂိုး ၁၃ဂိုး အထိ ရှိခဲ့ပါတယ်။

ဒါကြောင့်ပဲ ဘောလုံးရေးရာ ကျွမ်းကျင်သူတွေက တနင်္ဂနွေနေ့မှာ ယှဉ်ပြိုင် ကစားမယ့် လီဗာပူးနဲ့ မန်ချက်စတာ ယူနိုက်တက် ပွဲစဉ်မှာ အိမ်ရှင် လီဗာပူးက ဧည့်သည် မန်ချက်စတာ ယူနိုက်တက်ကို ဂိုးပြတ်နိုင်သွားမယ်လို့ ခန့်မှန်းနေကြပြီး လတ်တလောမှာ ရလဒ်တွေ ဆိုးဝါးနေတဲ့ မန်ချက်စတာ ယူနိုက်တက်က အဝေးကွင်းမှာ အိမ်ရှင် လီဗာပူးကို ဒုက္ခပေးနိုင်မလား ၊ ဒါမှမဟုတ် အိမ်ရှင် လီဗာပူးကပဲ အစဉ်အလာအတိုင်း မန်ချက်စတာ ယူနိုက်တက်ကို တဂိုးမှ ပြန်မပေးပဲ အနိုင်ယူသွားမလား ဆိုတာ စိတ်ဝင်စားစရာ ကောင်းနေပါတယ်။