ပရီးမီးယားလိဂ် အင်အားကြီးအသင်း တသင်း ဖြစ်တဲ့ မန်ချက်စတာ ယူနိုက်တက်ဟာ ယခုနှစ် ဘောလုံးရာသီမှာ တန်းဆင်းဇုန် အန္တရာယ်နဲ့ ရင်ဆိုင်နေရတဲ့ အဲဗာတန်ရဲ့ အဓိက တိုက်စစ် ကစားသမား ရစ်ချာလီဆန်ကို ခေါ်ယူဖို့ ဆွေးနွေးမှုတွေ စတင် ပြုလုပ်နေကြောင်း နာမည်ကြီး သတင်း‌ထောက် တဦး ဖြစ်သူ ဖာဘရီဇီယို ရိုမာနိုက အတည်ပြု ပြောကြားသွားခဲ့ပါတယ်။

ယခုနှစ် ဘောလုံးရာသီမှာ ရလဒ်ကောင်းတွေ ရယူနိုင်ဖို့ ရုန်းကန်နေရတဲ့ မန်ချက်စတာ ယူနိုက်တက်ဟာ လာမယ့် နွေရာသီ အပြောင်းအရွှေ့မှာ နည်းပြသစ် တန်ဟက်ဂ်နဲ့အတူ အသင်းကို ကြီးမားတဲ့ ပြုပြင် ပြောင်းလဲမှုတွေ လုပ်ဆောင်ဖို့ စီစဉ်နေတဲ့ အသင်းတသင်း ဖြစ်ပြီး သူတို့အသင်းရဲ့ အစီအစဉ်တွေထဲမှာ အသင်းရဲ့ တိုက်စစ်ပိုင်းကို အင်အားဖြည့်တင်းမယ့် အစီအစဉ်လည်း ပါဝင်နေပါတယ်။

Photo Credit: The Sun

မန်ချက်စတာ ယူနိုက်တက်ဟာ ရိုနယ်ဒို ၊ ကာဗာနီ ၊ မာရှယ် ၊ ရက်ဖို့ဒ် ၊ ဂရင်းဝုဒ် စတဲ့ တိုက်စစ်မှူးတွေကို ပိုင်ဆိုင်ထားပေမယ့် ကာဗာနီက အသင်းကနေ ထွက်ခွာဖို့ ကျိန်းသေနေသလို ကျန်နေတဲ့ တိုက်စစ်မှူး ၄ဦးထဲက အနည်းဆုံး ၂ဦးကလည်း အသင်းပြောင်းဖို့ ရှိနေတာကြောင့်ပဲ မန်ချက်စတာ ယူနိုက်တက်ရဲ့ တာဝန်ရှိသူတွေက တိုက်စစ်ပိုင်းကို အင်အားဖြည့်တင်းဖို့ ဘင်ဖီကာ တိုက်စစ်မှူး နူနက်ဇ်နဲ့ အဲဗာတန် တိုက်စစ် ကစားသမား ရစ်ချာလီဆန်တို့ကို ခေါ်ယူဖို့ ကြိုးစားနေတာပါ။

အသက် ၂၄နှစ် အရွယ် ဘရာဇီးလ် လက်ရွေးစင် တောင်ပံတိုက်စစ် ကစားသမား ရစ်ချာလီဆန်ဟာ ဝက်ဖို့ဒ်ကနေ အဲဗာတန်ထံ ပြောင်းရွှေ့လာခဲ့ပြီးနောက် အသင်းရဲ့ အဓိက တိုက်စစ်ကစားသမား တဦး အဖြစ် ခြေစွမ်းပြ ကစားထားနိုင်သူ ဖြစ်ပြီး အဲဗာတန် အတွက် ပြိုင်ပွဲစုံမှာ ၁၄၅ပွဲ ပါဝင် ကစားပေးထားရာ သွင်းဂိုး ၄၉ဂိုး အထိ သွင်းယူထားနိုင်ကာ ဂိုးဖန်တီးမှု ၁၃ကြိမ် ပြုလုပ်ထားနိုင်ခဲ့ပါတယ်။

Photo Credit: The Sun

ရစ်ချာလီဆန်ဟာ တဦးချင်း အရည်အသွေး ပြည့်ဝသလို တိုးအား ရုန်းအား ကောင်းမွန်တဲ့ တောင်ပံတိုက်စစ် ကစားသမား တဦး ဖြစ်တာကြောင့်ပဲ မန်ချက်စတာ ယူနိုက်တက် အပါအဝင် ဥရောပရဲ့ အင်အားကြီးအသင်း အများစုက သူ့ကို ခေါ်ယူဖို့ စိတ်ဝင်စားနေကြပြီး အဆိုပါအသင်းတွေ အနက် မန်ချက်စတာ ယူနိုက်တက်က ရစ်ချာလီဆန်ကို ခေါ်ယူနိုင်ဖို့ အခြေအနေ အကောင်းဆုံး ဖြစ်နေပါတယ်။

အပြောင်းအရွှေ့ သတင်းတွေနဲ့ ပတ်သတ်ရင် ယုံကြည်စိတ်ချရတဲ့ သတင်းထောက် ဖာဘရီဇီယို ရိုမာနိုရဲ့ ဖော်ပြချက်အရ မန်ချက်စတာ ယူနိုက်တက်က ရစ်ချာလီဆန်ကို ခေါ်ယူနိုင်ဖို့ သူ့ရဲ့ မိသားစုဝင်တွေနဲ့ ချိတ်ဆက်မှုတွေ ပြုလုပ်နေသလို ရစ်ချာလီဆန်ကလည်း မန်ချက်စတာ ယူနိုက်တက်ဆီ ပြောင်းရွှေ့နိုင်ဖို့ အတွက် သူနဲ့ သူ့ရဲ့ ကိုယ်စားလှယ်အဖွဲ့က မန်ချက်စတာ ယူနိုက်တက်နဲ့ နီးစပ်တဲ့ ဘရာဇီးလ် အေဂျင်စီ တခုနဲ့ လက်တွဲခဲ့ကြောင်းလည်း သိရပါတယ်။