ပရီးမီးယားလိဂ် နာမည်ကြီးကလပ် မန်ချက်စတာ ယူနိုက်တက်က လာမယ့် ဇန်နဝါရီ အပြောင်းအရွှေ့မှာ သူတို့အသင်းရဲ့ ကြယ်ပွင့် တိုက်စစ်မှူး ရိုနယ်ဒိုကို အသင်းကနေ ထွက်ခွာခွင့် ပေးဖို့ ဆုံးဖြတ်ခဲ့ပြီးနောက် နယ်သာလန်ရဲ့ လူငယ်ကြယ်ပွင့် တိုက်စစ်မှူး ဂတ်ပိုကို ဇန်နဝါရီ အပြောင်းအရွှေ့မှာပဲ အမိအရ ခေါ်ယူနိုင်ဖို့ ယခုထဲက စတင် ကြိုးပမ်းနေပါတယ်။

အသက် ၂၃နှစ် အရွယ် နယ်သာလန်နဲ့ ပီအက်စ်ဗွီကြယ်ပွင့် တိုက်စစ်မှူး ဂတ်ပိုက ပြီးခဲ့တဲ့ ဘောလုံးရာသီမှ စတင်ကာ သူ့ရဲ့ ကလပ်အသင်း ဖြစ်တဲ့ ပီအက်စ်ဗွီနဲ့အတူ အစွမ်းကုန် တောက်ပလာသူ ဖြစ်ပြီး ယခုနှစ် ဘောလုံးရာသီမှာလည်း သူဟာ ပီအက်စ်ဗွီ အတွက် ပြိုင်ပွဲစုံမှာ ၁၄ပွဲ ပါဝင် ကစားပေးထားရာ သွင်းဂိုး ၁၀ဂိုး သွင်းယူထားနိုင်ကာ ဂိုးဖန်တီးမှု ၉ကြိမ် ပြုလုပ်ထားနိုင်ပါတယ်။

Photo Credit: Team Talk

ဒါကြောင့်ပဲ မန်ချက်စတာ ယူနိုက်တက်ရဲ့ နည်းပြဖြစ်သူ အဲရစ် တန်ဟက်ဂ်က သူတို့အသင်းရဲ့ အားနည်းချက် တခုလို ဖြစ်နေတဲ့ တိုက်စစ်ပိုင်း အတွက် ဂတ်ပိုကို ခေါ်ယူဖို့ မျက်စိကျနေပြီး ဂတ်ပိုကလည်း မန်ချက်စတာ ယူနိုက်တက်ဆီ ပြောင်းရွှေ့ချင်နေသလို ပီအက်စ်ဗွီက ဂတ်ပို အတွက် သင့်တော်တဲ့ ကမ်းလှမ်းမှု တရပ် ရလာရင် ဂတ်ပိုကို ရောင်းချဖို့ အဆင်သင့် ပြင်ဆင်ထားပါတယ်။

နာမည်ကြီး သတင်းထောက် တဦး ဖြစ်သူ ဖာဘရီဇီယို ရိုမာနိုရဲ့ ဖော်ပြချက်အရ မန်ချက်စတာ ယူနိုက်တက်က ဂတ်ပိုကို လာမယ့် အပြောင်းအရွှေ့တွေမှာ ခေါ်ယူဖို့ စိတ်ဝင်စားနေပြီး ဂတ်ပိုကလည်း မန်ချက်စတာ ယူနိုက်တက်ဆီ ပြောင်းရွှေ့ချင်နေကြောင်း သိရပါတယ်။

Photo Credit: Mirror

တဖက်မှာတော့ ပီအက်စ်ဗွီက လာမယ့် ဇန်နဝါရီ အပြောင်းအရွှေ့ ဈေးကွက် အတွင်းမှာ မန်ချက်စတာ ယူနိုက်တက်ရဲ့ ကွင်းလယ်လူ တဦး ဖြစ်သူ ဗန်ဒီဘိခ်ကို အငှား + အပြီးသတ် ခေါ်ယူခွင့်နဲ့ ခေါ်ယူချင်နေကြောင်း နောက်ထပ် နာမည်ကြီး သတင်းထောက် တဦး ဖြစ်သူ ဂျရေမီ ဘိုင်လီက ဆိုထားပါတယ်။

ဒါကြောင့် မန်ချက်စတာ ယူနိုက်တက်က ဗန်ဒီဘိခ်ကို အလိုက်ပေးကာ ဂတ်ပိုကို ခေါ်ယူဖို့ ကမ်းလှမ်းမှု ပြုလုပ်ဖွယ် ရှိနေပြီး မန်ချက်စတာ ယူနိုက်တက်က ဂတ်ပို အတွက် ဗန်ဒီဘိခ် + ပြောင်းရွှေ့ကြေး ယူရို ၂၅သန်းခန့်နဲ့ ကမ်းလှမ်းနိုင်ကြောင်း ဘောလုံးရေးရာ ကျွမ်းကျင်သူတွေက သုံးသပ်ထားကြပါတယ်။