ပရီးမီးယားလိဂ်ရဲ့ နာမည်ကြီးအသင်းဖြစ်တဲ့ မန်ယူအသင်းကတော့ သူတို့အသင်းရဲ့ ပစ်မှတ် ကစားသမားတစ်ဦးဖြစ်တဲ့ ဘွန်ဒက်စ်လီဂါကလပ် ဒေါ့မွန်အသင်းရဲ့ အင်္ဂလန်လူငယ် တောင်ပံ ကစားသမား ဆန်ချိုကို လာမယ့်နွေရာသီ အပြောင်းအရွှေ့မှာ ခေါ်ယူနိုင်ဖို့အတွက် ကစားသမားနဲ့ ပုဂ္ဂိုလ်ရေးအရ သဘောတူညီမှု ရရှိခဲ့ပြီ လို့ ဂျာမဏီသတင်းစာတွေက ဖော်ပြလာခဲ့ကြပါတယ်။ အသက်၁၉နှစ်အရွယ်သာ ရှိသေးတဲ့ ဆန်ချိုဟာ လာမယ့်နွေရာသီ အပြောင်းအရွှေ့မှာတော့ ဒေါ့မွန်အသင်းကနေ ထွက်ခွာဖို့ တာဆူနေတဲ့သူ တစ်ဦးလည်း ဖြစ်ပါတယ်။

Photo Credit: Metro.com

လာမယ့်မတ်လမှာ အသက်၂၀ပြည့်မယ့် ဆန်ချိုဟာ ယခုနှစ်ဘောလုံးရာသီမှာတော့ ဒေါ့မွန်အသင်းရဲ့ အဓိကကျတဲ့ ကစားသမားတစ်ဦး ဖြစ်လို့နေပြီး ဘွန်ဒက်စ်လီဂါပွဲစဉ် ၂၄ပွဲ ကစားထားရာမှာ ၁၄ဂိုးသွင်း ၁၄ဂိုးဖန်တီးပေးထားသူ ဖြစ်ကာ သူ့ကိုခေါ်ယူဖို့အတ​ွက် မန်ယူအသင်း အပါအဝင် ဥရောပအသင်းကြီး အတော်များများက စိတ်ဝင်စားနေကြပါတယ်။ လက်ရှိ ထွက်ပေါ်နေတဲ့ သတင်းတွေအရတော့ ဆန်ချိုကို ခေါ်ယူဖို့အတွက် ပရီးမီးယားလိဂ် နာမည်ကြီး အသင်းတွေဖြစ်တဲ့ ချယ်လ်ဆီး ၊ မန်ယူ ၊ လီဗာပူးလ်နဲ့ လာလီဂါအင်အားကြီး အသင်းတွေဖြစ်တဲ့ ဘာစီလိုနာ ၊ ရီးရဲလ်စတဲ့ အသင်းတွေက စိတ်ဝင်စားနေကြပေမယ့် မန်ယူအသင်းကတော့ ဆန်ချိုကို ခေါ်ယူဖို့ အနီးစပ်ဆုံး ဖြစ်နေပါတယ်။

Photo Credit: Metro.com

နောက်ဆုံးထွက်ပေါ်လာတဲ့ သတင်းတွေအရ မန်ယူအသင်းဟာ ဆန်ချိုကို နွေရာသီမှာ ခေါ်ယူဖို့အတွက် ပုဂ္ဂိုလ်ရေးအရ သဘောတူညီမှုရရှိခဲ့ပြီဖြစ်ကြောင်းနဲ့ မန်ယူအသင်းဟာ ဆန်ချိုကို တစ်ပတ်လုပ်ခ ပေါင်၂၀၀၀၀၀ ဝန်းကျင်နဲ့ ၅ နှစ်သက်တမ်းရှိတဲ့ စာချုပ်တစ်ရပ် ချုပ်ဆိုမှာ ဖြစ်ကြောင်းလည်း သိရှိရပါတယ်။ ဂျာမဏီသတင်းစာတွေရဲ့ အဆိုအရတော့ မန်ယူအသင်းဟာ ဆန်ချိုနဲ့ သဘောတူညီမှုရရှိခဲ့ရုံသာမက ဒေါ့မွန်အသင်းနဲ့ပါ ပြောင်းရွှေ့ကြေးကို သဘောတူညီမှုရရှိဖို့ နီးစပ်နေကြောင်းနဲ့ ပြောင်းရွှေ့ကြေးဟာ ပေါင်၁၀၀သန်းဝန်းကျင် ရှိနိုင်တယ် လို့ သိထားရပါတယ်။ ဒါပေမယ့် အသင်းရဲ့ Official စာမျက်နှာမှာ ကြေညာမှသာ အတည်ပြုလို့ရမယ့် အပြောင်းအရွှေ့သတင်းတွေရဲ့ ထုံးစံအတိုင်းပဲ ဒီအပြောင်းအရွှေ့ဟာ အမှန်ဖြစ်လာမလားဆိုတာကို ဆက်လက်ပြီး စောင့်ကြည့်သွားရမှာပါ။