ပရီးမီးယားလိဂ်ရဲ့ နာမည်ကြီးအသင်း တစ်သင်း ဖြစ်တဲ့ မန်ယူအသင်းဟာ သူတို့ အသင်းရဲ့ ကာလရှည် ပစ်မှတ် ကစားသမား တစ်ဦးဖြစ်တဲ့ ဘွန်ဒက်လီဂါကလပ် ဒေါ့မွန် အသင်းရဲ့ လူငယ် တောင်ပံ ကစားသမား ဆန်ချိုကို လာမယ့် နွေရာသီ အပြောင်းအရွှေ့မှာ ခေါ်ယူဖို့ ပြင်ဆင်ထားပေမယ့် ဆန်ချိုအတွက် ပြောင်းရွှေ့ကြေးကို ဒေါ့မွန်အသင်း တောင်းဆိုတဲ့ စျေးနှုန်းထက် ထက်ဝက်ခန့် လျှော့ချကာ ပေးချေသွားဖို့သာ ဆန္ဒရှိနေကြောင်း သိရရှိရပါတယ်။ နာမည်ကျော် သတင်းဌာနတစ်ခု ဖြစ်တ​ဲ့ Sky Sports သတင်းဌာနဟာ အဆိုပါသတင်း ကို ဖော်ပြခဲ့တာဖြစ်ပြီး မန်ယူအသင်းဟာ ဆန်ချို ကို ခေါ်ယူရာမှာ ပြောင်းရွှေ့ကြေး ပေါင် ၅၀သန်းသာ သုံးစွဲသွားဖို့ ဆန္ဒရှိကြောင်းနဲ့ သတ်မှတ်ထားတဲ့ ပြောင်းရွှေ့ကြေး ပမာဏ ထက် တိုးပေးဖို့ ဆန္ဒမရှိဘူးလို့ Sky Sports သတင်းဌာနက ဆိုပါတယ်။

Photo Credit: Setty News

အသက်၂၀အရွယ် လူငယ် ညာတောင်ပံ ကစားသမား ဆန်ချိုဟာ လက်ရှိအချိန်မှာ သူ့ရဲ့ ကစားသမားဘဝ အကောင်းဆုံး ခြေစွမ်းကို ရရှိ နေပြီး ယခုနှစ် ဘွန်ဒက်လီဂါ ဘောလုံးရာသီမှာ ဆိုရင် ဒေါ့မွန်အသင်းအတွက် ၃၂ပွဲအထိ ပါဝင် ကစားပေးထားပြီး ၁၇ဂိုး သွင်းယူပေးထားကာ ၁၆ဂိုးအထိ ဖန်တီးပေးထားနိုင်သူပါ။ ဒါ့ကြောင့် လည်း ဒေါ့မွန်အသင်းဟာ ဆန်ချိုကို ရောင်းချတဲ့ နေရာမှာ မြင့်မားတဲ့ ပြောင်းရွှေ့ကြေးကို ရယူလိုနေတာ ဖြစ်ပြီး ဂျာမဏီသတင်းစာတွေရဲ့ အဆိုအရတော​့ ဒေါ့မွန်အသင်းဟာ ဆန်ချိုကို ပြောင်းရွှေ့ကြေး ပေါင်၁၀၀သန်းဝန်းကျင် ရမှသာ ရောင်းထုတ်သွားဖွယ် ရှိကြောင်း သိရှိရပါတယ်။ ပြီးခဲ့တဲ့ ရက်ပိုင်းမှာလည်း ဒေါ့မွန်ရဲ့ စီအီးအို ဖြစ်တဲ့ ဝက်စ်ကီက ဆန်ချိုကို ခေါ်ယူလိုတဲ့ အသင်းတွေဟာ လျှော့စျေးနဲ့​ ခေါ်ယူလို့ရမှာ မဟုတ်ကြောင်း သတိပေးစကား ဆိုခဲ့ဖူးပါတယ်။

Photo Credit: Setty News

Sky Sports သတင်းဌာနရဲ့ အဆိုအရတော့ မန်ယူအသင်းဟာ ဆန်ချိုကို အမှန်တကယ် ခေါ်ယူလိုနေပေမယ့် ကိုရိုနာဗိုင်းရပ် ကူးစက် ပျံ့ပွားနေဆဲ ကာလအတွင်းမှာ အသင်းရဲ့ ဘဏ္ဏာရေး အနေအထားကို ထိန်းသိမ်းလိုတာကြောင့် ဆန်ချိုကို ပြောင်းရွှေ့ကြေး ပေါင်၅၀သန်းထက် ပိုပေးကာ ကမ်းလှမ်းမှာ မဟုတ်ကြောင်း သိရပါတယ်။ ဒါ့အပြင် မန်ယူအသင်းရဲ့ ဆန်ချိုအပေါ် ထားတဲ့ သဘောထားတွေ ပြောင်းလဲလာမှုဟာ လူငယ်တိုက်စစ်မှူး ဂရင်းဝုဒ်ရဲ့ ခြေစွမ်းကောင်းတွေကြောင့် ဖြစ်ကြောင်း မန်ချက်စတာမြို့ အခြေစိုက် သတင်းဌာနတွေက ဖော်ပြခဲ့ကြပြီး ဂရင်းဝုဒ်ရဲ့ ခြေစွမ်း တောက်ပလာမှုကြောင့် ဆန်ချိုကို အသင်းအနေနဲ့ အရေးတကြီး မလိုအပ်ဘူးလို့ တွေးထင်နေကြောင်း မန်ယူအသင်းနဲ့ နီးစပ်သူတွေက ဖွင့်ဟ ပြောကြားထားကြပါတယ်။ အသက်၁၈နှစ်အရွယ် လူငယ် ကစားသမား ဂရင်းဝုဒ်ဟာ ယနေ့မနက်မှာ ကစားခဲ့တဲ့ ဘရိုက်တန်အသင်းနဲ့ မန်ယူအသင်းတို့ရဲ့ ပွဲမှာ ခြေစွမ်းပြနိုင်ခဲ့တဲ့ ကစားသမားတစ်ဦး ဖြစ်ပြီး သွင်းဂိုးတစ်ဂိုး ဂိုးဖန်တီးမှုတစ်ကြိမ် ပြုလုပ်နိုင် ခဲ့တဲ့ ကစားသမားတစ်ဦးပါ။