မနေ့ညက ကျင်းပသွားခဲ့တဲ့ အက်စတွန်ဗီလာအသင်းနဲ့ မန်စီးတီးအသင်းတို့ရဲ့ ပရီးမီးယားလိဂ်ပွဲစဉ်အတွင်းမှာ တိုက်ရိုက်အနီကတ်ပြ ထုတ်ပယ်ခံလိုက်ရတဲ့ မန်စီးတီးနောက်ခံကစားသမား ဂျွန်စတုန်းစ်ဟာ သူရဲ့အနီကတ်ပြစ်ဒဏ်ကြောင့် လာမယ့်တနင်္ဂနွေနေ့မှာ စပါးအသင်းနဲ့ ယှဉ်ပြိုင်ကစားရမယ့် ခါရာဘောင်းဖလား ဗိုလ်လုပွဲကိုပါ လွဲချော်သွားရတော့မှာဖြစ်တယ်လို့ သိရှိရပါတယ်။

Photo Credit : Lenex Web

ဂျွန်စတုန်းစ်ဟာ ဗီလာနဲ့ပွဲစဉ်မှာ အသင်းအတွက် ပွဲထွက်ကစားပေးခဲ့ပေမယ့်လည်း ပထမပိုင်း ပွဲကစားချိန် (၄၄)မိိနစ်အရောက်မှာ ကစားပုံကြမ်းတမ်းမှုကြောင့် ကွင်းလယ်ဒိုင်ကနေ အဝါကတ်ပြသခဲ့ပေမယ့် VAR ကနေ ပြန်လည်စစ်ဆေး ကြည့်ရှုပြီးချိန်မှာတော့ စတုန်းစ်ကို ဒိုင်လူကြီးက ဆုံးဖြတ်ချက်ကို ပြန်လည်ပြင်ဆင်ခဲ့ကာ တိုက်ရိုက်အနီကတ်ပြ ထုတ်ပယ်လိုက်ပါတယ်။ အခုတော့ ဒီအနီကတ်ပြစ်ဒဏ်ကြောင့် စတုန်းစ်ဟာ တနင်္ဂနွေနေ့မှာ စပါးအသင်းနဲ့ ရင်ဆိုင်ရမယ့် ခါရာဘောင်း လိဂ်ဖလား ဗိုလ်လုပွဲကိုပါ လွဲချော်သွားရတော့မှာဖြစ်ပါတယ်။

Photo Credit : SINDOnews

အသက်(၂၆)နှစ်အရွှယ်ရှိ အင်္ဂလန်လက်ရွေးစင် နောက်ခံကစားသမား ဂျွန်စတုန်းစ်ဟာ ဒီနှစ်ရာသီ မန်စီးတီးအသင်းအတွက် အကောင်းဆုံးခြေစွမ်းပြနေပြီး ခံစစ်မှာ ရူဘင်ဒီယက်စ်နဲ့တွဲဖက်ကာ အကျစ်လစ်ဆုံး ခံစစ်မျိုးဖြစ်အောင် စွမ်းဆောင်ထားနိုင်သလို အသင်းအတွက် ပြိုင်ပွဲစုံမှာလည်း သွင်းဂိုး(၅)ဂိုးအထိ သွင်းယူထားနိုင်ခဲ့ပါတယ်။ ဒီလို အသင်းအတွက် အရေးပါတဲ့ ကစားသမားတစ်ယောက်ကို လိဂ်ဖလား ဗိုလ်လုပွဲလို အရေးကြီးတဲ့ ပွဲစဉ်မျိုးမှာ ထည့်သွင်းနိုင်ခြင်းမရှိတာက မန်စီးတီးအတွက် ထိုးနှက်ချက်တစ်ခု ဖြစ်သွားရနိုင်သလို နောက်ထပ်အဓိက ကစားသမားတစ်ယောက်ဖြစ်တဲ့ ကွင်းလယ်လူဒီဘရိုင်းကလည်း ဒဏ်ရာပြသာနာကြောင့် လွဲချော်ရဦးမှာဖြစ်ပါတယ်။ စပါးအသင်းဘက်မှာတော့ အသင်းရဲ့ အဓိကတိုက်စစ်မှူး ဟာရီကိန်း ခြေချင်းဝတ်ဒဏ်ရာကြောင့် ဒီပွဲကို လွဲချော်ရဖွယ် ရှိနေပါတယ်။ ဝင်ဘာလေကွင်းမှာ ကျင်းပသွားမယ့် ခါရာဘောင်း လိဂ်ဖလား ဗိုလ်လုပွဲကို ပြိုင်ပွဲရဲ့ လက်ရှိချန်ပီယံ မန်စီးတီးအသင်းနဲ့ မကြာသေးခင် ရက်ပိုင်းအတွင်းကမှ နည်းပြအပြောင်းအလဲ ပြုလုပ်ထားခဲ့တဲ့ စပါးအသင်းတို့ ယှဉ်ပြိုင်ကြမှာဖြစ်ပြီး မန်စီးတီးအသင်းက ဒီပြိုင်ပွဲမှာ မကြာခဏဆိုသလို ဗိုလ်စွဲထားခဲ့ပေမယ့် စပါးအသင်းကတော့ ၂၀၀၈ခုနှစ်က ဒီပြိုင်ပွဲမှာ ဗိုလ်စွဲပြီးကတည်းက ပြိုင်ပွဲစုံမှာ လုံးဝကို ဗိုလ်မစွဲနိုင်ခဲ့တာဖြစ်ပါတယ်။