မန်စီးတီးအသင်းအနေနဲ့ သူတို့အသင်းအပေါ် ဥရောပဘောလုံးအဖွဲ့ချုပ်ကနေ ချမှတ်ထားခဲ့တဲ့ ဥရောပပြိုင်ပွဲတွေမှာ (၂)ရာသီဆက်တိုက် ဝင်ရောက်ကစားခွင့်မရှိဆိုတဲ့ ပြစ်ဒဏ်ကနေ လွတ်မြောက်ဖို့အတွက် နိုင်ငံတကာအားကစားခုံရုံး (CAS) ဆီ အယူခံတင်သွင်းထားခဲ့ရာ အခုဆိုရင် ဒီအယူခံကနေ အောင်မြင်သွားခဲ့ပြီဖြစ်လို့ လာမယ့်ဘောလုံးရာသီမှာ ချန်ပီယံလိဂ်ပြိုင်ပွဲကို ဝင်ရောက်ဆင်နွဲရတော့မှာဖြစ်ပြီး ဒဏ်ကြေးကိုလည်း ယူရိုသန်း(၃၀)ကနေ (၁၀)သန်းအထိ လျှော့ချနိုင်ခဲ့ပါတယ်။

Photo Credit : The Sun

ဒီလို Heavy Ban ကြီးတစ်ခုကနေ လွတ်မြောက်ခဲ့တဲ့ မန်စီးတီးအသင်းဟာ လာမယ့်ဘောလုံးရာသီမှာ အသင်းကို သေချာပြင်ဆင်သွားဖို့အတွက် ပိုမိုအားရှိသွားခဲ့ရပြီး ကစားသမားခေါ်ယူမှုတွေရော အသင်းရဲ့ကစားသမားတွေနဲ့ နည်းပြကြီးပတ်ဂွာဒီယိုလာတို့ကိုပါ စာချုပ်သက်တမ်းတိုးဖို့တွေကိုပါ တစ်ပါတည်း လုပ်ဆောင်လာတော့မှာဖြစ်တယ်လို့ ဗြိတိန်မီဒီယာတွေကနေ ဖော်ပြလာခဲ့ပါတယ်။ ဂွာဒီယိုလာက လာမယ့် ၂၀၂၁ခုနှစ်မှာ မန်စီးတီးနဲ့ သက်တမ်းကုန်တော့မှာဖြစ်ပြီး လက်ရှိအခြေအနေတွေကြောင့် ဂွာဒီယိုလာကို အသင်းမှာ ဆက်လက်ထိန်းသိမ်းနိုင်ဖို့က အခြေအနေကောင်းသွားမှာ သေချာနေကာ ဒီဘရိုင်း စတာလင်း အဂူရိုတို့လို အသင်းရဲ့ကြယ်ပွင့်တွေလည်း အသင်းမှာပဲ ဆက်လက်ရှိနေနိုင်ပါတယ်။

Photo Credit : The Sun

ဒီလို အသင်းအတွင်း ပြင်ဆင်မှုတွေအပြင် ဒီရာသီမှာ အသင်းရဲ့အားအနည်းဆုံး အပိုင်းဖြစ်နေခဲ့တဲ့ ခံစစ်ပိုင်းအတွက်ကိုလည်း ကစားသမားခေါ်ယူမှုတွေကိုပါ လုပ်ဆောင်လာတော့မှာဖြစ်ပါတယ်။ မန်စီးတီးဟာ လာမယ့်စျေးကွက်မှာ ကစားသမားသစ်ခေါ်ယူဖို့ အနည်းဆုံး ပေါင်သန်း(၁၅၀)လောက်အထိ သုံးစွဲခွင့်ရမှာဖြစ်ပြီး ခံစစ်ပိုင်းအတွက်ကိုတော့ နာပိုလီခံစစ်မှူး ကူလီဘလီနဲ့ ဘိုင်ယန်မြူးနစ်အသင်းရဲ့ သြစတြီးယားနောက်ခံလူ အလာဘာတို့ကို ပစ်မှတ်ထားနေပါတယ်။ လတ်တလော အခြေအနေတွေအရ မန်စီးတီးက ကူလီဘလီကို ခေါ်ယူနိုင်ဖို့ ပိုအခြေအနေကောင်းနေသလို အင်တာရဲ့ခံစစ်မှူး ရှကရီညာကိုလည်း မြို့ခံပြိုင်ဘက် ယူနိုက်တက်နဲ့ အပြိုင်ကမ်းလှမ်းဖွယ် ရှိနေပါတယ်။ ခံစစ်ပိုင်းပြီးရင်တော့ အသင်းနဲ့ လမ်းခွဲတော့မယ့် ဒေးဗစ်ဆေးဗားနေရာအတွက် ကစားသမားသစ်တစ်ယောက် ပြန်လည်ခေါ်ယူဖွယ်ရှိနေသလို ဝါရင့်တိုက်စစ်မှူးကြီး အဂူရိုရဲ့နေရာမှာ ရေရှည်အစားထိုးနိုင်ဖို့အတွက်ကိုလည်း တိုက်စစ်မှူးတစ်ယောက်ကိုပါ ခေါ်ယူနိုင်ပါတယ်။ အသင်းကနေ ထွက်ခွာသွားတဲ့ ဆာနေးရဲ့နေရာအတွက်ကိုတော့ လူငယ်ကစားသမားလေး ဖိုဒန်နဲ့ပဲ အစားထိုးဖွယ် ရှိနေပါတယ်။