မန်စီးတီးအသင်းကနေ ပေါ်တူဂီ နာမည်ကျော်ကလပ် စပို့တင်းလစ္စဘွန်းအသင်းဆီမှာ တစ်ရာသီအငှားစာချုပ်နဲ့ သွားရောက်ကစားလို့နေတဲ့ စပိန်ညာနောက်ခံကစားသမားလေး ပတ်ဒရိုပေါ်ရိုကို စပိန်လာလီဂါ ထိပ်သီးကလပ် ရီးယဲလ်မက်ဒရစ်အသင်းကနေ ခေါ်ယူသွားဖို့ စိတ်ဝင်စားလျက် ရှိနေတယ်လို့ စပိန်နိုင်ငံရဲ့ နာမည်ကြီး သတင်းစာ Mundo Deportivo ကနေ ဖော်ပြလာခဲ့ပါတယ်။

Photo Credit : Ojogo

အသက်(၂၂)နှစ်အရွှယ်ရှိ မန်စီးတီးအသင်းနဲ့ အကျိုးတူ ပူးပေါင်းထားတဲ့ စပိန်ကလပ်အသင်း ဟီရိုနာကနေ ပေါ်ထွက်လာခဲ့တဲ့ လူငယ်ကစားသမားတစ်ဦးဖြစ်ပြီး ဂျုနီယာကစားသမားဘဝမှာပဲ ရီးယဲလ်မက်ဒရစ် ဘိုင်ယန်မြူးနစ် အသက်လက်တီကိုမက်ဒရစ်အသင်းတွေရဲ့ စိတ်ဝင်စားခံခဲ့ရသူ ဖြစ်ပေမယ့် ဒီအသင်းတွေကို ငြင်းပယ်ခဲ့ကာ ဟီရိုနာအသင်းနဲ့ လက်တွဲခဲ့တာ ဖြစ်ပါတယ်။ ဟီရိုနာအသင်းနဲ့ စီနီယာကစားသမားဘဝကို (၂)ရာသီကြာ ဖြတ်သန်းခဲ့ပြီးတဲ့နောက် မန်စီးတီးအသင်းဆီကို ပေါင်(၁၁)သန်းနဲ့ ရောက်ရှိလာခဲ့တဲ့ ပေါ်ရိုဟာ လာလီဂါကလပ် ဗယ်လာဒိုးလစ်အသင်းဆီ တစ်ရာသီအငှားနဲ့ ချက်ချင်းပြောင်းရွှေ့ခဲ့ရပြီး နောက်ပိုင်းမှာတော့ စပို့တင်းလစ္စဘွန်းအသင်းဆီ ဒီနှစ်ရာသီ အပါအဝင် (၂)ရာသီအငှားနဲ့ ဆက်လက်ပြောင်းရွှေ့ခဲ့တာ ဖြစ်ပါတယ်။

Photo Credit : The Sun

ပြီးခဲ့တဲ့ ဘောလုံးရာသီမှာကတည်းက စပို့တင်းအသင်းအတွက် ပြိုင်ပွဲစုံပွဲပေါင်း (၃၇)ပွဲအထိကို ပါဝင်ထားနိုင်ခဲ့တဲ့ ပေါ်ရိုဟာ စပို့တင်းရဲ့ အဓိက ကစားသမားတစ်ယောက် ဖြစ်လာခဲ့ပြီး သူ့ကို အသင်းကနေ အပြီးသတ် ခေါ်ယူဖို့အထိပါ စဉ်းစားလာခဲ့သလို ဥရောပ ထိပ်တန်းကလပ် ရီးယဲလ်မက်ဒရစ်အသင်းကပါ စိတ်ဝင်စားလာခဲ့ပါတယ်။ စပို့တင်းအသင်းဟာ ပေါ်ရိုကို မန်စီးတီးအသင်းဆီကနေ အငှားနဲ့ ခေါ်ယူခဲ့စဉ်တုန်းက ပြောင်းရွှေ့ကြေး ပေါင်(၇)သန်းနဲ့ပါ အပြီးသတ် ခေါ်ယူနိုင်ခွင့်ကို ထည့်သွင်းချုပ်ဆိုထားတာ ဖြစ်ပေမယ့်လည်း စပို့တင်းဘက်ကနေ ချန်ပီယံလိဂ် အုပ်စုအဆင့်က လှည့်ပြန်သွားခဲ့ရမယ်ဆိုရင် အသင်းရဲ့ ဘဏ္ဍာရေး အခြေအနေက အခြေအနေ မကောင်းနိုင်မှာ ဖြစ်တာကြောင့် ပေါ်ရိုကို အပြီးသတ် ခေါ်ယူနိုင်ဖို့ လက်လျှော့ရဖွယ် ရှိနေသလို ဒီအခြေအနေကိုလည်း ရီးယဲလ်အသင်းကနေ အသုံးချသွားဖွယ် ရှိနေပါတယ်။ ညာခြမ်းတစ်ခြမ်းလုံးမှာ ပါဝင်ကစားတတ်တဲ့ ပေါ်ရိုဟာ နည်းပြလူးဝစ်အင်းနရစ်ရဲ့ စပိန်လက်ရွေးစင်အသင်းမှာပါ ရွေးချယ်ထားခံနေရပြီမို့ သူရဲ့လက်ရှိကလပ် မန်စီးတီးအသင်းနဲ့ကလည်း လာမယ့် ၂၀၂၂ခုနှစ်မှာပဲ စာချုပ်သက်တမ်း ကုန်ဆုံးတော့မှာဖြစ်လို့ လာမယ့်နွေမှာ အသင်းသစ် တစ်သင်းကို သေချာပေါက် ပြောင်းရွှေ့ရဖွယ် ရှိနေပါတယ်။