အသင်းရဲ့ ဝါရင့်တိုက်စစ်မှူးကြီး ဆာဂျီယိုအဂွဲရိုးနဲ့ လမ်းခွဲလိုက်ရပြီးနောက်မှာ အသင်းအတွက် အားကိုးအားထားရမယ့် အရည်အသွေးမြင့်မားတဲ့ အထောင်တိုက်စစ်မှူးတစ်ယောက်ကို ပြန်လည်အလိုရှိနေတဲ့ ပရီးမီးယားလိဂ်ချန်ပီယံ မန်စီးတီးအသင်းဟာ ဒီနှစ်နွေမှာ စပါးအသင်းနဲ့ လမ်းခွဲဖွယ်ရှိနေတဲ့ အင်္ဂလန်တိုက်စစ်ကစားသမား ဟာရီကိန်းကို အသင်းရဲ့ အဓိကပစ်မှတ်အဖြစ် သတ်မှတ်ထားနေပေမယ့်လည်း စပါးအသင်းဘက်ကနေ ဟာရီကိန်းရဲ့ အပြောင်းအရွှေ့နဲ့ပတ်သက်ပြီး မရေမရာ လုပ်ဆောင်နေမှုအပေါ် စိတ်ပျက်လာခဲ့တဲ့အတွက် မန်စီးတီးဘက်ကနေ ဟာရီကိန်းကို ခေါ်ယူမယ့်ကိစ္စ ရပ်တန့်လိုက်ဖွယ် ရှိနေပါတယ်။

Photo Credit : TEAMtalk

အသက်(၂၇)နှစ်အရွှယ်ရှိ အင်္ဂလန်လက်ရွေးစင် တိုက်စစ်ကစားသမား ဟာရီကိန်းဟာ ၂၀၀၉ခုနှစ်လောက်ကနေစတင်ပြီး သူရဲ့စီနီယာကစားသမားဘဝကို စတင်ခွင့်ရလာခဲ့ပြီး စပါးအသင်းမှာ နှစ်ပေါင်းများစွာ ပါဝင်ကစားခဲ့ကာ သွင်းဂိုးတွေများစွာလည်း သွင်းယူနိုင်ခဲ့ပေမယ့် အသင်းက ဆုဖလားအောင်မြင်မှုတွေ မရယူနိုင်ခဲ့တာကြောင့် သူရဲ့ကစားသမားဘဝ အရွှယ်မလွန်သွားခင်မှာ ထိပ်တန်းအသင်းကြီးတစ်သင်းကို ပြောင်းရွှေ့ဖို့ ဆန္ဒရှိလာခဲ့တာဖြစ်ပါတယ်။ ဟာရီကိန်းဟာ သူ့ကို အလိုရှိနေတဲ့ ကလပ်အသင်းတွေများစွာထဲကမှ သူ့အတွက် အကောင်းဆုံးသော ရွေးချယ်မှုတစ်ခု ဖြစ်လာနိုင်မယ့် မန်စီးတီးအသင်းဆီကို ပြောင်းရွှေ့ဖို့အတွက်ပါ ဆန္ဒရှိလို့နေတာဖြစ်ပါတယ်။

Photo Credit : Sky Sport

ဒီလို အခြေအနေရှိနေပေမယ့်လည်း စပါးအသင်းဘက်ကတော့ သူတို့ရဲ့ ကြယ်ပွင့်ကစားသမားကို အသင်းကနေ အလွယ်တကူ ထွက်ခွာခွင့်မပေးချင်ပဲ အသင်းမှာသာ ဆက်လက်ထိန်းသိမ်းထားချင်နေသလို မဖြစ်မနေ ရောင်းချရမယ်ဆိုရင်လည်း ပြောင်းရွှေ့ကြေးအဖြစ် ပေါင်သန်း(၁၅၀)နဲ့ ကမ်းလှမ်းရမှသာ လက်ခံသွားမယ်လို့ သိရပါတယ်။ ဒါပေမယ့် စပါးအသင်းဥက္ကဌ ဒန်နီရယ်လီဗီးက ဟာရီကိန်းကို ကမ်းလှမ်းလာမယ့် အသင်းတွေအနေနဲ့ ပြောင်းရွှေ့ကြေးနဲ့ ကစားသမားပေါင်းပြီး အလိုက်ပေးကမ်းလှမ်းတာမျိုးထက် သူတို့အလိုရှိနေတဲ့ ပေါင်သန်း(၁၅၀)အပြည့်နဲ့သာ ကမ်းလှမ်းမှ လက်ခံသွားမယ်လို့ ပြောဆိုလာခဲ့ပြန်ပါတယ်။ ဒီလိုတွေ ပြောဆိုထားခဲ့ပေမယ့်လည်း တကယ်တမ်းမှာတော့ လီဗီးဟာ ဟာရီကိန်းကို လက်လွတ်သွားဖို့ ဆန္ဒမရှိပဲ ဘယ်လိုကမ်းလှမ်းမှုမျိုးကိုမဆို လက်ခံသွားဖို့ တွန့်ဆုတ်နေတဲ့အတွက် မန်စီးတီးအသင်းအနေနဲ့ ဒီလိုအခြေအနေမှာ ဟာရီကိန်းကို ကမ်းလှမ်းသွားဖို့ လက်လျှော့သွားနိုင်ပါတယ်။ ဟာရီကိန်းက လက်ရှိမှာ အင်္ဂလန်အသင်းနဲ့အတူ ယူရို-၂၀၂ဝပြိုင်ပွဲကို ဝင်ရောက်ဆင်နွဲနေပေမယ့် အသင်းအတွက် သွင်းဂိုးတွေ မသွင်းယူနိုင်သေးပဲ ရုန်းကန်လို့နေရပါတယ်။