MySport Myanmar

လိဒ်စ်ကြယ်ပွင့် ကယ်ဗင်ဖီးလစ်အတွက် ပေါင်သန်း(၆၀)ထိ အသုံးပြုသွားမယ့် မန်စီးတီး

မန်ချက်စတာစီးတီးအသင်းဟာ အသင်းနဲ့ စာချုပ်သက်တမ်း ကုန်ဆုံးတော့မယ့် ဝါရင့် ကွင်းလယ်ကစားသမားကြီး ဖာနန်ဒင်ဟိုရဲ့နေရာမှာ ပြန်လည်အစားထိုးသွားဖို့အတွက် ကွင်းလယ်လူတစ်ဦးကို ရှာဖွေလျက် ရှိနေရာ လက်ရှိမှာတော့ လိဒ်စ်ယူနိုက်တက်အသင်းရဲ့ အင်္ဂလန်ကွင်းလယ်လူ ကယ်လ်ဗင်ဖီးလစ်ကို ခေါ်ယူသွားဖို့အတွက် ပြောင်းရွှေ့ကြေး ပေါင်သန်း(၆၀)ထိ အသုံးပြုဖို့ ရှိနေတယ်လို့ သိရပါတယ်။

Photo Credit : Eurosport

အင်္ဂလန်ရဲ့ နာမည်ကြီး သတင်းမီဒီယာ Daily Mail ရဲ့ ဖော်ပြချက်တွေအရ အသက်(၂၆)နှစ်အရွယ် အင်္ဂလန်လက်ရွေးစင် ကွင်းလယ်လူ ဖီးလစ်ဟာ (၁၂)နှစ် ကျင်လည်ခဲ့တဲ့ လိဒ်စ်အသင်းကနေ ထွက်ခွာသွားဖို့ အဆင့်သင့် ဖြစ်နေပြီး သူ့ကိုလည်း မန်ချက်စတာ မြို့ခံနှစ်သင်းလုံးက ခေါ်ယူသွားဖို့ ပစ်မှတ်ထားနေကြပါတယ်။ ဒါပေမယ့် လက်ရှိမှာ ယူနိုက်တက်က ဖရန့်ကီဒီဂျောင်ကိုသာ ခေါ်ယူချင်နေတာကြောင့် မန်စီးတီး တစ်သင်းတည်းကပဲ ဖီးလစ်ကို စိတ်ဝင်စားနေသလို ပြောင်းရွှေ့ကြေး ပေါင်သန်း(၆၀)လောက်အထိ အသုံးပြုဖို့အတွက်ပါ ဆန္ဒရှိနေတယ်လို့ပါ သိရပါတယ်။

Photo Credit : Goal

ယော့ခ်ရှိုင်းယားပီယာလိုလို့ တင်စားခေါ်ဆိုခံထားရသူ ဖီးလစ်ဟာ လိဒ်စ်အသင်းအတွက် ပွဲပေါင်း(၂၃၄)ပွဲအထိကို ပါဝင်ကစားထားခဲ့ပြီး လိဒ်စ်ကိုလည်း ချန်ပီယံရှစ်ကနေ ပရီးမီးယားလိဂ်ပြိုင်ပွဲကြီးအထိ ပို့ဆောင်ထားနိုင်ခဲ့သူလည်း ဖြစ်ပါတယ်။ ကွင်းလယ်မှာ ကွင်းလယ်ခံစစ်ပိုင်းရော ဗဟိုကွင်းလယ်နေရာမှာအပြင် ဗဟိုခံစစ်နေရာထိပါ ကစားနိုင်သူဖြစ်တဲ့ ဖီးလစ်ကို လိဒ်စ်အသင်းဘက်က စာချုပ်သက်တမ်းတိုးပြီး အသင်းမှာ ဆက်လက်ထိန်းထားချင်နေပေမယ့်လည်း လက်ရှိအသင်းနည်းပြ ဂျက်ဆီမက်ချ်က အမေရိကန် ကွင်းလယ်ကစားသမား ဘရန်ဒန်အာရွန်ဆန်ကို ခေါ်ယူထားခဲ့တဲ့အပြင် ဘိုင်ယန်အသင်းရဲ့ စပိန်ကွင်းလယ်လူ ရိုကာကိုပါ ခေါ်ယူသွားဖို့ ရှိနေတာကြောင့် ဖီးလစ်ကို လက်လွတ်နိုင်ဖွယ် ရှိနေပါတယ်။ ဒီလိုအခြေအနေတွေကြောင့် မန်စီးတီးအသင်းဟာ ဖီးလစ်ကို အသင်းဆီ ခေါ်ဆောင်ချင်နေတာဖြစ်ပြီး ဖီးလစ်ရဲ့ လက်ရှိတန်ကြေးဟာလည်း ပေါင်သန်း(၅၀)ဝန်းကျင်လောက် ရှိနေတာဖြစ်လို့ မန်စီးတီးက ဖီးလစ်အတွက် ပြောင်းရွှေ့ကြေး ပေါင်သန်း(၆၀)လောက်နဲ့ ကမ်းလှမ်းချင်နေတာဖြစ်ပြီး ဖီးလစ်ကိုယ်တိုင်ကလည်း လိဒ်စ်ရဲ့ ခါးသီးပြိုင်ဘက် ယူနိုက်တက်အသင်းထက် မန်စီးတီးအသင်းကိုသာ ပိုမိုပြောင်းရွှေ့ဖွယ် ရှိနိုင်ပါတယ်။

Exit mobile version