ပရီးမီးယားလိဂ် အင်အားကြီး အသင်းတစ်သင်း ဖြစ်တဲ့ မန်ချက်စတာ စီးတီးအသင်း ကတော့ သူတို့အသင်းရဲ့ ပြိုင်ဘက် အသင်းတစ်သင်း ဖြစ်တဲ့ စပါးအသင်းရဲ့ အဓိက တိုက်စစ်မှူး ဟယ်ရီကိန်း ကို ယခု ဇန်နဝါရီလ အပြောင်းအရွှေ့ အတွင်းမှာ ပြောင်းရွှေ့ကြေး ပေါင် ၉၀သန်းနဲ့ ကမ်းလှမ်းသွားဖို့ စီစဉ် ထားကြောင်း ဥရောပ နာမည်ကြီး သတင်းဌာနတွေက ဖော်ပြ သွားကြပါတယ်။ အသက် ၂၇နှစ် အရွယ် အင်္ဂလန် အသင်းနဲ့ စပါးအသင်းတို့ရဲ့ အသင်းခေါင်းဆောင်လည်းဖြစ် အဓိက တိုက်စစ်မှူးလည်း ဖြစ်တဲ့ ဟယ်ရီကိန်းဟာ ကမ္ဘာ့အကောင်းဆုံး တိုက်စစ်မှူးတွေထဲက တစ်ဦးဖြစ်ပြီး အသင်းအတွက် လိုအပ်နေတဲ့ သွင်းဂိုးတွေကို သွင်းယူ ပေးတတ်သလို အသင်းဖော်တွေ ဂိုးသွင်းယူနိုင်အောင်လည်း ဂိုးဖန်တီးမှုတွေ ပြုလုပ် ပေးနိုင်တဲ့ ကစားသမား တစ်ဦးပါ။

Photo Credit: Goal

ဟယ်ရီကိန်းဟာ စပါးအသင်းရဲ့ လူငယ် အကယ်ဒမီကနေ ထွက်ပေါ်လာတဲ့ ကစားသမား တစ်ဦး ဖြစ်ပြီး လက်ရှိ ဘောလုံးရာသီမှာ သူဟာ ပြိုင်ပွဲစုံမှာ ၂၃ပွဲ အထိ ပါဝင် ကစားပေးခဲ့ကာ ၁၆ဂိုး သွင်းယူ ပေးထားပြီး ဂိုးဖန်တီးမှု ၁၃ကြိမ်အထိ ပြုလုပ် ပေးထားနိုင်တဲ့ ကစားသမား တစ်ဦးလည်း ဖြစ်ပါတယ်။ လက်ရှိမှာတော့ ဟယ်ရီကိန်းရဲ့ ကာလတန်ကြေးဟာ ယူရို ၁၂၀သန်း အထိ ရှိပြီး ဂျာမန် နာမည်ကြီး သတင်းဌာန တစ်ခု ဖြစ်တဲ့ BILD သတင်းဌာနရဲ့ ဖော်ပြချက် အရတော့ မန်ချက်စတာ စီးတီးအသင်းရဲ့ နည်းပြဖြစ်သူ ဂွာဒီယိုလာ ဟာ အသင်းရဲ့ ဝါရင့်တိုက်စစ်မှူး တစ်ဦးဖြစ်တဲ့ အဂူရိုရဲ့ နေရာအတွက် တိုက်ရိုက် အစားထိုးမှုအဖြစ် စပါးအသင်းရဲ့ အဓိက ကစားသမား ဖြစ်တဲ့ ဟယ်ရီကိန်းကို ခေါ်ယူချင်နေတာ ဖြစ်ကြောင်း သိရပါတယ်။

Photo Credit: Goal

ဗြိတိန် နာမည်ကြီး သတင်းဌာန တစ်ခုဖြစ်တဲ့ Daily Mail သတင်းဌာန ကလည်း မန်ချက်စတာ စီးတီးအသင်း အနေနဲ့ ဟယ်ရီကိန်းကို ခေါ်ယူဖို့ စိတ်ဝင်စားနေတဲ့ သတင်းတွေ အပေါ် အတည်ပြု ပေးထားပြီး မန်ချက်စတာ စီးတီးအသင်းဟာ ဟယ်ရီကိန်းကို လာမယ့် နွေရာသီ အပြောင်းအရွှေ့မှာ ခေါ်ယူနိုင်ဖို့ မျှော်လင့်ထားကြောင်း ဆိုပါတယ်။ ဟယ်ရီကိန်းဟာ ကမ္ဘာ့အကောင်းဆုံး တိုက်စစ်မှူးတွေ ထဲက တစ်ဦးဖြစ်ပေမယ့် လက်ရှိ အချိန်အထိ သူ့ရဲ့ ကစားသမား ဘဝမှာ လောက်လောက်လားလား အောင်မြင်မှုတွေ ရှိမနေပဲ လက်ရှိ ဘောလုံးရာသီ မှာတော့ မော်ရင်ဟိုရဲ့ ဦးဆောင်မှုနဲ့ အတူ ဆုဖလားတွေ ရယူနိုင်မယ် လို့ မျှော်လင့်နေသူပါ။ ဒါပေမယ့် သူသာ လက်ရှိ ဘောလုံးရာသီမှာ စပါးအသင်းနဲ့ အတူ ဆုဖလား အောင်မြင်မှု မရရှိခဲ့ဘူး ဆိုရင်တော့ ဟယ်ရီကိန်းဟာ လာမယ့် နွေရာသီ အပြောင်းအရွှေ့ မှာတော့ စပါးအသင်းကို ကျိန်းသေပေါက် စွန့်ခွာသွားမယ့် အလားအလာတွေ ရှိနေပါတယ်။