MySport Myanmar

မြို့ခံပြိုင်ဘက် မန်ယူနဲ့အပြိုင် ဒီဂျောင်ကို ခေါ်ယူဖို့ ကြိုးပမ်းမယ့် မန်ချက်စတာ စီးတီး

အင်္ဂလန် ပရီးမီးယားလိဂ်ရဲ့ လက်ရှိချန်ပီယံ မန်ချက်စတာ စီးတီးဟာ သူတို့ရဲ့ မြို့ခံပြိုင်ဘက် မန်ချက်စတာ ယူနိုက်တက်က ခေါ်ယူဖို့ ပစ်မှတ်ထား ကြိုးပမ်းနေတဲ့ ဘာစီလိုနာ ကွင်းလယ်ကြယ်ပွင့် ဖရန်ကီ ဒီဂျောင်ကို ခေါ်ယူရန် ကြိုးပမ်းသွားဖို့ စီစဉ်နေကြောင်း နာမည်ကြီး အင်္ဂလန် အခြေစိုက် သတင်းဌာနတွေက တညီတညွတ်ထဲ ဖော်ပြသွားကြပါတယ်။

အသက် ၂၄နှစ် အရွယ် နယ်သာလန် လက်ရွေးစင် ကွင်းလယ်ကြယ်ပွင့် ဖရန်ကီ ဒီဂျောင်ဟာ လာမယ့် နွေရာသီ အပြောင်းအရွှေ့မှာ ဘာစီလိုနာကနေ ထွက်ခွာတော့မယ်လို့ သတင်းကြီးနေတဲ့ ကစားသမား တဦး ဖြစ်ပြီး သူ့ရဲ့ ပင်ကိုယ်ခြေစွမ်း ၊ ပါရမီတွေကြောင့် သူ့ကို ခေါ်ယူဖို့ စိတ်ဝင်စားနေတဲ့ ဥရောပ ထိပ်သီးအသင်းတွေလည်း အများအပြား ရှိနေပါတယ်။

 

Photo Credit: Team Talk

အဆိုပါအသင်းကြီးတွေ အနက် ဒီဂျောင်ရဲ့ ဆရာအရင်း ဖြစ်သူ အဲရစ် တန်ဟက်ဂ်ကို နည်းပြသစ် အဖြစ် ခန့်အပ်ထားတဲ့ မန်ချက်စတာ ယူနိုက်တက်က ဒီဂျောင်ကို ခေါ်ယူဖို့ အတက်ကြွဆုံး ဖြစ်နေပြီး တန်ဟက်ဂ်ကလည်း သူ့ရဲ့ တပည့်ဟောင်း ဒီဂျောင်ကို ခေါ်ယူပေးဖို့ မန်ချက်စတာ ယူနိုက်တက်ထံ တောင်းဆိုထားပါတယ်။

ယုံကြည်စိတ်ချရတဲ့ သတင်းဌာနတွေထဲက တခု ဖြစ်တဲ့ Times သတင်းဌာနရဲ့ ဖော်ပြချက်အရ ဘာစီလိုနာ နည်းပြဟောင်း ပပ် ဂွာဒီယိုလာ ကိုင်တွယ်နေတဲ့ မန်ချက်စတာ စီးတီးဟာ သူတို့အသင်းရဲ့ ကွင်းလယ်ပိုင်း လိုအပ်ချက်တွေကြောင့် လာမယ့် နွေရာသီ အပြောင်းအရွှေ့မှာ မန်ချက်စတာ ယူနိုက်တက်နဲ့ အပြိုင် ဒီဂျောင်ကို ခေါ်ယူဖို့ စီစဉ်နေပြီး ဒီဂျောင်အတွက် ဘာစီလိုနာဘက်က တောင်းဆိုတဲ့ ပြောင်းရွှေ့ကြေးကို လက်မတွန့်ပဲ ပေးချေဖို့ ပြင်ဆင်ထားသလို ဒီဂျောင်ကိုလည်း မြင့်မားတဲ့ လုပ်ခလစာ တရပ်နဲ့ ကမ်းလှမ်းဖို့ ရှိနေကြောင်း သိရပါတယ်။

Photo Credit: Team Talk

တဖက်မှာတော့ ဘာစီလိုနာက သူတို့ရဲ့ အဓိက ကွင်းလယ်လူ ဒီဂျောင်ကို လက်မလွှတ်လိုပေမယ့် ဒီဂျောင်အတွက် မြင့်မားတဲ့ ပြောင်းရွှေ့ကြေး တရပ်သာ ရမယ် ဆိုရင် ဒီဂျောင်ကို ရောင်းထုတ်ဖို့ ဆန္ဒရှိနေပြီး ဘာစီလိုနာဘက်က ဒီဂျောင်ရဲ့ တန်ကြေးကို ယူရို ၈၀သန်း ဝန်းကျင် သတ်မှတ်ထားကြောင်းလည်း ဘာစီလိုနာနဲ့ နီးစပ်တဲ့ သတင်းထောက် မော်ရီနိုက ဆိုထားပါတယ်။

Exit mobile version