ပရီးမီးယားလိဂ် အင်အားကြီးအသင်း တသင်း ဖြစ်တဲ့ မန်ချက်စတာ စီးတီးအသင်းဟာ ယခုနှစ် ဘောလုံးရာသီကို တိုက်စစ်မှူးစစ်စစ် မရှိပဲ ဖြတ်သန်းဖို့ စီစဉ်ခဲ့ပေမယ့် လိုချင်တဲ့ ရလဒ်ကောင်းတွေ ရယူနိုင်ဖို့ ရုန်းကန်နေရတာကြောင့် လာမယ့် ဇန်နဝါရီလ အပြောင်းအရွှေ့မှာ သူတို့အသင်းရဲ့ နံပါတ်တစ် ပစ်မှတ် ဖြစ်ဖူးသူ စပါးအသင်းရဲ့ အဓိက တိုက်စစ်မှူး ဟယ်ရီကိန်းကို ခေါ်ယူဖို့ ထပ်မံ ကြိုးစားလိမ့်မယ်လို့ ဗြိတိန် အခြေစိုက် နာမည်ကြီး သတင်းဌာနတွေက တညီတညွတ်ထဲ ဖော်ပြသွားခဲ့ပါတယ်။

မန်ချက်စတာ စီးတီးအသင်းဟာ ပြီးခဲ့တဲ့ နွေရာသီ အပြောင်းအရွှေ့မှာ အသင်းရဲ့ ထာဝရ ဂိုးသွင်း အများဆုံး ကစားသမား ဖြစ်သူ ဆာဂျီယို အဂူရိုကို ဘာစီလိုနာအသင်းထံ အလွတ် ပြောင်းရွှေ့ကြေးနဲ့ ထွက်ခွာခွင့် ပေးခဲ့ပြီးနောက် အင်္ဂလန်အသင်းနဲ့ စပါးအသင်းရဲ့ အဓိက တိုက်စစ်မှူး ဟယ်ရီကိန်းကို ပြောင်းရွှေ့ကြေး ပေါင် ၁၅၀သန်း အထိ ပေးချေကာ ခေါ်ယူဖို့ ကြိုးစားခဲ့ပေမယ့် စပါးအသင်းဘက်က ဟယ်ရီကိန်းကို ရောင်းချဖို့ ငြင်းဆန်ခဲ့တာကြောင့် ယခု ရာသီဝက်ကို တိုက်စစ်မှူးစစ်စစ် မပါဝင်ပဲ ဖြတ်သန်းနေရတာပါ။

Photo Credit: Daily Mail

အသက် ၂၈နှစ် အရွယ် အင်္ဂလန်အသင်းရဲ့ အသင်းခေါင်းဆောင် ဟယ်ရီကိန်းဟာ ပြီးခဲ့တဲ့ ဘောလုံးရာသီမှာ ပရီးမီးယားလိဂ်ပြိုင်ပွဲရဲ့ ဂိုးသွင်းအများဆုံး ကစားသမားဆုနဲ့ ဂိုးဖန်တီးမှု အများဆုံး ကစားသမားဆုတို့ကို တပြိုင်နက်ထဲ ရရှိတဲ့ အထိ ခြေစွမ်းကောင်းတွေ ပြသနိုင်ခဲ့ပေမယ့် နွေရာသီ အပြောင်းအရွှေ့မှာ မန်ချက်စတာ စီးတီးအသင်းဆီ ပြောင်းရွှေ့ခွင့် မရတဲ့နောက် စိတ်ဓာတ်ကျပြီး ပုံမှန်ခြေစွမ်း ပြသနိုင်ဖို့ ရုန်းကန်နေရသူပါ။

နာမည်ကြီး သတင်းဌာန တခု ဖြစ်တဲ့ ESPN သတင်းဌာနရဲ့ ဖော်ပြချက်အရ မန်ချက်စတာ စီးတီးအသင်းဟာ သူတို့အသင်းရဲ့ ချန်ပီယံလိဂ်ဖလား ရရှိရေး အိမ်မက်ကို အသက်သွင်းနိုင်ရန်နဲ့ လိဂ်ချန်ပီယံဆုကို ဆက်လက် ထိန်းသိမ်းနိုင်ဖို့ အတွက် လာမယ့် ဇန်နဝါရီလ အပြောင်းအရွှေ့မှာ ဟယ်ရီကိန်းကို ခေါ်ယူဖို့ ပြင်ဆင်နေပြီး ဟယ်ရီကိန်းကို ပြောင်းရွှေ့ကြေး ပေါင် ၁၂၀သန်း ဝန်းကျင် အထိ ပေးချေကာ ခေါ်ယူဖို့ အသင့် ရှိနေကြောင်း သိရပါတယ်။

Photo Credit: Daily Mail

ဟယ်ရီကိန်းက သူ့ရဲ့ ကစားသမား ဘဝ အဆုံးမသတ်မီ ဆုဖလားတွေကို ရယူချင်နေတာကြောင့် မန်ချက်စတာ စီးတီးအသင်းဆီ ပြောင်းရွှေ့ဖို့ စိတ်အားထက်သန် နေပေမယ့် စပါးအသင်းကတော့ ဟယ်ရီကိန်းကို ဇန်နဝါရီလ အပြောင်းအရွှေ့မှာ ရောင်းမထုတ်ပါဘူးလို့ အသင်းရဲ့ နည်းပြသစ် ကွန်တီကို ကတိပေးထားကြောင်းလည်း ESPN သတင်းဌာနက ဆိုပါတယ်။

ဒါကြောင့် ဟယ်ရီကိန်းဟာ ယခုနှစ် ဘောလုံးရာသီမှာ စပါးအသင်း၌သာ ဆက်လက် ရှိနေဖို့ အခွင့်အရေး များပြားနေပေမယ့် အကယ်၍ ဟယ်ရီကိန်းရဲ့ စွမ်းဆောင်ရည်တွေ ဆက်လက် ကျဆင်းနေပြီး ကွန်တီကသာ ဟယ်ရီကိန်းကို ရောင်းချဖို့ သဘောတူညီခဲ့ပါက ဟယ်ရီကိန်းဟာ မန်ချက်စတာ စီးတီးအသင်းဆီ မဆိုင်းမတွ ရောက်ရှိဖွယ် ရှိကြောင်း ဘောလုံးရေးရာ ကျွမ်းကျင်သူတွေက သုံးသပ်ထားကြပါတယ်။