ပရီးမီးယားလိဂ် နာမည်ကြီး အသင်းတစ်သင်း ဖြစ်တဲ့ မန်ချက်စတာ စီးတီးအသင်းဟာ လာမယ့် ဇန်နဝါရီ အပြောင်းအရွှေ့မှာ ဘာစီလိုနာ အသင်းရဲ့ ကြယ်ပွင့် ကစားသမား ဖြစ်တဲ့ လီယွန်နယ် မက်ဆီကို ခေါ်ယူဖို့ ကမ်းလှမ်းမှုတွေ ပြုလုပ်တော့မှာ ဖြစ်ကြောင်း နာမည်ကြီး သတင်းဌာန တစ်ခုဖြစ်တဲ့ The Sun သတင်းဌာနက ဖော်ပြ သွားခဲ့ပါတယ်။ အသက် ၃၃နှစ် အရွယ် ရှိနေပြီ ဖြစ်တဲ့ လီယွန်နယ် မက်ဆီဟာ ပြီးခဲ့တဲ့ နွေရာသီ အပြောင်းအရွှေ့မှာ ကတည်းက မန်ချက်စတာ စီးတီးအသင်းထံ ပြောင်းရွှေ့ဖို့ နီးစပ်ခဲ့သူ ဖြစ်ပြီး ဘာစီလိုနာ အသင်းကသာ မက်ဆီအတွက် စာချုပ်ဖျက်သိမ်းကြေး ယူရို ၇၀၀သန်း မတောင်းဆို ခဲ့ရင် အပြောင်းအရွှေ့ဟာ ကျိန်းသေပေါက် ဖြစ်ပေါ်လာတော့မှာပါ။

Photo Credit: Express

မက်ဆီနဲ့ ဘာစီလိုနာ အသင်းတို့ ချုပ်ဆိုထားတဲ့ စာချုပ်ဟာ ယခုနှစ် ဘောလုံးရာသီ အကုန်မှာ ကုန်ဆုံး တော့မှာ ဖြစ်တာကြောင့် ဘာစီလိုနာ အသင်းဟာ မက်ဆီကိုသာ စာချုပ်သစ် မချုပ်ဆို နိုင်ခဲ့ပါက ယခုနှစ် ဘောလုံးရာသီ အကုန်မှာ အလွတ် ပြောင်းရွှေ့ကြေးနဲ့ ထွက်ခွာခွင့် ပေးရတော့မှာပဲ ဖြစ်ပါတယ်။ တစ်ဖက် မှာလည်း ဘာစီလိုနာ အသင်းဟာ ဘဏ္ဏာရေး အကြပ်အတည်းနဲ့ ရင်ဆိုင် နေရတာကြောင့် မက်ဆီ အနေနဲ့ ဘာစီလိုနာ အသင်းနဲ့ စာချုပ်သစ် ချုပ်ဆိုပါက လက်ရှိ အသင်းမှာ ရရှိနေတဲ့ လုပ်ခလစာထက် တစ်ဝက်နီးပါး လျော့ယူရမှာကြောင့် မက်ဆီဟာ ဘာစီလိုနာ အသင်းမှာ ဆက်ရှိနေဖို့ အခွင့်အလမ်း နည်းပါး နေပါတယ်။ စပိန် အခြေစိုက် သတင်းဌာန တချို့ကတော့ မက်ဆီဟာ အသင်းရဲ့ ဘဏ္ဏာရေး အနေအထားကို ကူညီနိုင်ဖို့ လာမယ့် ဇန်နဝါရီ အပြောင်းအရွှေ့မှာ အသင်းကနေ ထွက်ခွာချင်နေကြောင်း ဖော်ပြ ထားကြပါတယ်။

Photo Credit: Express

The Sun သတင်းဌာနရဲ့ ဖော်ပြချက် အရ မန်ချက်စတာ စီးတီးအသင်းဟာ လာမယ့် ဇန်နဝါရီ အပြောင်းအရွှေ့မှာ မက်ဆီကို ပြောင်းရွှေ့ကြေး ပေါင် ၅၀သန်းနဲ့ ခေါ်ယူဖို့ ဘာစီလိုနာ အသင်းထံ စတင် ကမ်းလှမ်းတော့မှာ ဖြစ်ပြီး ဘာစီလိုနာ အသင်းဟာ သူတို့အသင်းရဲ့ ကမ်းလှမ်းမှုကို လက်ခံမယ်လို့ မျှော်လင့် ထားကြောင်း သိရပါတယ်။ မက်ဆီနဲ့ နီးစပ်သူတွေရဲ့ အဆိုအရတော့ မက်ဆီဟာ မန်ချက်စတာ စီးတီးအသင်းရဲ့ အဆိုပါ ကမ်းလှမ်းမှုကို လက်ခံဖို့ အသင်းကို တိုက်တွန်းသွားမှာ ဖြစ်ပြီး ဘာစီလိုနာအသင်း ကသာ သူ့ကို ရောင်းချလိုက်ပါက သူ့ရဲ့ မြင့်မားလှတဲ့ လုပ်ခလစာကို ပေးချေရတော့မှာ မဟုတ်သလို အပို အနေနဲ့ ဝင်ငွေ ပေါင် ၅၀သန်းလည်း ရရှိမှာ ဖြစ်တာကြောင့် လက်ရှိမှာ ကြုံတွေ့ နေရတဲ့ ဘဏ္ဏာရေး အခက်အခဲဟာ အထိုက်အလျောက် လျော့ကျသွားနိုင်မယ်လို့ ယူဆနေကြောင်း သိရှိ ရပါတယ် ခင်ဗျာ…။