MySport Myanmar

ဂွီမာရေ့စ်သာ နယူးကာဆယ်ကနေ ထွက်မယ်ဆိုရင် အသင်းဆီ အရ ခေါ်ဖို့ စီစဉ်ထားတဲ့ စီးတီး

နယူးကာဆယ်အသင်းရဲ့ ဘရာဇီးလ် ကွင်းလယ်ကစားသမား ဘရူနို ဂွီမာရေ့စ်အနေနဲ့ တကယ်လို့ ဒီနွေမှာသာ နယူးကာဆယ်ကနေ ထွက်ခွာပြီး အသင်းပြောင်းဖို့ ဆန္ဒရှိမယ်ဆိုရင် သူ့ကို မန်စီးတီးအသင်းက အသင်းဆီ အရ ခေါ်ယူသွားဖို့ စီစဉ်ထားတယ်လို့ ESPN ကနေ ဖော်ပြလာခဲ့ပါတယ်။

မန်စီးတီးအသင်းဟာ လာမယ့်နွေမှာ အသင်းရဲ့ ကွင်းလယ်ပိုင်းက ဘာနာဒို ဆေးလ်ဗား ၊ ကယ်လ်ဗင် ဒီဘရိုင်းနဲ့ မာသီးယပ်စ် နူးနက်စ်တို့ကို အသင်းကနေ လက်လွတ်သွားရနိုင်တဲ့ အခြေအနေမှာ ရှိနေတဲ့အတွက် ကွင်းလယ်ပိုင်း ပြန်လည် အင်အားဖြည့်ဖို့ ဘရာဇီးလ် လက်ရွေးစင် ကွင်းလယ်လူ ဂွီမာရေ့စ်ကို ပစ်မှတ်ထားနေပါတယ်။

Photo Credit : talkSPORT

အသက် (၂၆)နှစ်အရွယ် ကွင်းလယ်ခံစစ်ကစားသမား ဂွီမာရေ့စ်ဟာ ၂၀၂၂ခုနှစ်ကမှ လိုင်ယွန်ကနေ နယူးကာဆယ်အသင်းဆီ ရောက်ရှိလာခဲ့ပြီး နှစ်အနည်းငယ်အတွင်းမှာပဲ နယူးကာဆယ်ရဲ့ အရေးအပါဆုံး ကစားသမားတစ်ဦး ဖြစ်လာခဲ့ရသလို ကလပ်အသင်းများစွာရဲ့ စိတ်ဝင်စားခံရတဲ့ ကစားသမားတစ်ဦးပါ ဖြစ်လာခဲ့ပါတယ်။

နယူးကာဆယ်မှာ အတော်လေး စွမ်းဆောင်ရည်ကောင်းတွေ ပြသထားနိုင်တဲ့ ဂွီမာရေ့စ်ကို ပရီးမီးယားလိဂ်က မန်စီးတီး အာဆင်နယ် လီဗာပူးလ်တို့အပြင် ရီးယဲလ်မက်ဒရစ် ဘာစီလိုနာနဲ့ ပီအက်စ်ဂျီတို့လို ဥရောပ ထိပ်တန်း ကလပ်အသင်းကြီးတွေကပါ လုံးဝ စိတ်ဝင်စားနေကြပြီး ဒီဈေးကွက်မှာလည်း ဂွီမာရေ့စ်အတွက် ကမ်းလှမ်းမှုတွေ လုပ်ဆောင်ကြဖို့ ရှိနေကြပါတယ်။

Photo Credit : Transfermarket

ဂွီမာရေ့စ်နဲ့ နယူးကာဆယ်အသင်းတို့ကြားမှာ စာချုပ်ဖျက်သိမ်းကြေး ရှိနေပြီး ပေါင် သန်း(၁၀၀)အထိ သတ်မှတ်ထားတယ်လို့ ဖော်ပြထားပေမယ့် နယူးကာဆယ်ဘက်ကတော့ သူတို့အသင်းအတွက် အဓိက ကစားသမားတစ်ယောက်ကို လက်မလွတ်ချင်ပဲ အသင်းမှာသာ ဆက်လက် ထိန်းသိမ်းထားချင်နေပါတယ်။

ဒါပေမယ့် နယူးကာဆယ်အနေနဲ့ ကစားသမားသစ် မဖြည့်တင်းခင် ဘဏ္ဍာရေး စည်းမျဉ်းတွေနဲ့ ညှိစွန်းခြင်း မရှိရအောင် ဂွီမာရေ့စ် ဒါမှမဟုတ် အီဆက်ခ်တို့လို ထိပ်တန်း ကစားသမားတွေကို ရောင်းချကောင်း ရောင်းချရနိုင်ပြီး တကယ်လို့ ဂွီမာရေ့စ်သာ ဒီနွေမှာ နယူးကာဆယ်ကနေ ထွက်ခွာမယ်ဆိုရင်တော့ သူ့ကို မန်စီးတီးက အရ ခေါ်ယူသွားဖို့ အစီအစဉ် ရှိနေပါတယ်။ ဒါပေမယ့် မန်စီးတီးဘက်က ဂွီမာရေ့စ်အတွက် ပေါင် သန်း(၁၀၀)အထိ အသုံးပြုသွားဖို့ ဆန္ဒမရှိဘူးလို့လည်း သိရပါတယ်။

Exit mobile version