ပရီးမီးယားလိဂ် အင်အားကြီးအသင်း ဖြစ်တဲ့ မန်ချက်စတာ စီးတီးအသင်းရဲ့ ဥက္ကဌ ဖြစ်သူ အယ် မူဘာရက် ကတော့ မန်ချက်စတာ စီးတီးအသင်းဟာ ယခုနှစ် နွေရာသီ အပြောင်းအရွှေ့မှာ အသင်းကို ကြီးကြီးမားမား အင်အားဖြည့်တင်းသွားမှာ ဖြစ်သလို အသင်းအနေနဲ့ ပရီးမီးယားလိဂ် ချန်ပီယံဖြစ်ရုံနဲ့ ကျေနပ်နေလို့ မရဘူးကြောင်း ထုတ်ပြန် ကြေညာသွားပါတယ်။ မန်ချက်စတာ စီးတီးအသင်းဟာ ယခုနှစ် ဘောလုံးရာသီမှာ ကာရာဘောင်းဖလားနဲ့ ပရီးမီးယားလိဂ်ဖလားတို့ကို ရယူနိုင်ခဲ့ပေမယ့် အသင်းရဲ့ အလိုချင်ဆုံး ဆုဖလား ဖြစ်တဲ့ ချန်ပီယံလိဂ်ဖလားကိုတော့ ပြည်တွင်းပြိုင်ဘက် ချယ်လ်ဆီးအသင်းကို ရှုံးနိမ့်ကာ လက်လွှတ်ခဲ့ရပါတယ်။

Photo Credit: Mirror

ဒါကြောင့်ပဲ မန်ချက်စတာ စီးတီးအသင်းဟာ လာမယ့် ဘောလုံးရာသီမှာ ချန်ပီယံလိဂ် ဆုဖလားကို ထပ်မံ စိန်ခေါ်နိုင်ဖို့ အတွက် ယခုနှစ် နွေရာသီ အပြောင်းအရွှေ့မှာ အသင်းကို အင်အားဖြည့်တင်းဖို့ စဉ်းစားနေပြီး စပါးအသင်းရဲ့ တိုက်စစ်မှူး ဟယ်ရီကိန်းနဲ့ အက်စ်တွန်ဗီလာအသင်းရဲ့ ကွင်းလယ်လူ ဂရီးလစ်ချ်တို့ဟာ သူတို့အသင်းရဲ့ ထိပ်သီး ပစ်မှတ်တွေပဲ ဖြစ်ပါတယ်။ မူဘာရက်ကတော့ မန်ချက်စတာ စီးတီးအသင်းဟာ ထိပ်ဆုံးနေရာမှာ ဆက်လက် ရှိနေဖို့ လူအင်အား ဖြည့်တင်းမှုကို စဉ်ဆက်မပြတ် ပြုလုပ်သွားမှာ ဖြစ်သလို တဖက်မှာလည်း အသင်းအနေနဲ့ ပရီးမီးယားလိဂ် ချန်ပီယံဖြစ်ရုံနဲ့ ကျေနပ်နေလို့ မရကြောင်း သတိပေးခဲ့ပါတယ်။

Photo Credit: Mirror

မူဘာရက်က – “ဒီနှစ်တွေထဲမှာ ကျွန်တော် နားလည်လာတာ တခုက အသင်းဆီကို အရည်အချင်း ရှိတဲ့ ကစားသမားတွေ စဉ်ဆက်မပြတ် ထည့်သွင်းရမယ် ဆိုတာပါပဲ။ အထူးသဖြင့် အသင်းက ထိပ်တန်းအဆင့် တခု ၊ ထိပ်ဆုံးနေရာကို ရောက်နေရင်ပေါ့။ ကျွန်တော်တို့တွေ လိဂ်ဖလားကို ရခဲ့တယ်။ အဲ့ဒီအချက်ကြောင့် အသင်းရဲ့ တိုးတက်မှုကို ရပ်တန့်လိုက်လို့ မရပါဘူး။ အဲ့ဒါက ခင်ဗျားရဲ့ အကြီးမားဆုံး အမှား ဖြစ်သွားနိုင်ပါတယ်။ ဒီအချိန်က အားကောင်းတဲ့ သတင်းစကားတခု ပေးရမယ့် အချိန်ပါ။ ဒီနေရာမှာ ရောင့်ရဲတင်းတိမ်မှု ဆိုတာ မရှိရပါဘူး။ ခင်ဗျားတို့ကလည်း လိဂ်ချန်ပီယံဖြစ်ရုံနဲ့ ကျေနပ်နေလို့ မရပါဘူး” လို့ ပြောကြား သွားခဲ့တာပဲ ဖြစ်ပါတယ်။