ပရီးမီးယားလိဂ်ရဲ့ အင်အားကြီး အသင်းတစ်သင်းဖြစ်တဲ့ မန်ချက်စတာ စီးတီး အသင်း ဟာ မိုချန်ဂါလာဘတ် အသင်းရဲ့ ကွင်းလယ် ကစားသမား ဖြစ်သူ ဒန်းနစ်စ် ဇာကာရီ ကို ခေါ်ယူဖို့ အတွက် ပစ်မှတ်ထားလာ ကြောင်းနဲ့ ကစားသမားကိုယ်တိုင်ကလည်း ထိပ်သီး ကလပ် အသင်းတစ်သင်းထံ ပြောင်းရွှေ့ဖို့ အတွက် ဆန္ဒရှိနေတယ်လို့ သိရပါတယ်။ ဇာကာရီ နဲ့ မိုချန်ဂါလာဘတ် ကြားချုပ်ဆိုထားတဲ့ စာချုပ်သက်တမ်းဟာ ၂၀၂၂ မှာ မှကုန်ဆုံးမှာ ဖြစ်ပေမယ့်လည်း ကစားသမားကိုတော့ လာမယ့် နွေရာသီ အပြောင်းအရွှေ့မှာ ရောင်းချသွားမှာ ဖြစ်ပါတယ်။ ဇာကာရီ နဲ့ မန်ချက်စတာ စီးတီး အသင်းကြား ချိတ်ဆက်မှုတွေ ရှိနေခဲ့တာဟာ အချိန်တစ်ခုကြာမြင့်နေ ပြီ ဖြစ်ပြီးတော့ ပြီးခဲ့တဲ့နှစ်ကလည်း သတင်းထောက် တော်တော်များများက ဇာကာရီ ဟာ ဂွာဒီယိုလာ ပစ်မှတ်ထားနေတဲ့ ကစားသမား တစ်ဦးဖြစ်ကြောင်း ဖော်ပြခဲ့ကြပါတယ်။

 

Photo Credit: Metro

ပြီးခဲ့တဲ့ အောက်တိုဘာလ လောက်ကလည်း မန်စီးတီး အသင်းဟာ ဇာကာရီကို ခေါ်ယူဖို့ အတွက် ယူရို သန်း ၄၀ ပြင်ဆင်ထားကြောင်း သတင်းတွေ ထွက်ပေါ်လာခဲ့သလို ဇာကာရီ ရဲ့ လက်ရှိ ကစားနေတဲ့ အသင်းဖြစ်တဲ့ မိုချန်ဂါလာဘတ် အသင်းကိုယ်တိုင်ကလည်း သူ့ကို စာချုပ်သက်တမ်း အသစ် တိုးဖို့ ကိစ္စက ခက်ခဲလိမ့်မယ်လို့ ယုံကြည်နေပါတယ်။ အဆိုပါ ကောလဟာလ သတင်းတွေဟာ ဇန်နဝါရီအပြောင်းအရွှေ့ နဲ့ နီးကပ်လာပြီ ဖြစ်တာကြောင့် အင်္ဂလန်မှာ တစ်ဖန်ပြန်လည် ထွက်ပေါ်လာခဲ့တာ ဖြစ်ပါတယ်။ အင်္ဂလန်မှာ ရှိကြတဲ့ သတင်းဌာန အတော်များများကလည်း မန်စီးတီးအနေနဲ့ ဇာကာရီ ကို အပြောင်းအရွှေ့ပြုလုပ်ဖို့ အတွက် ပြင်ဆင်နေကြောင်း ဖော်ပြနေကြပါတယ်။

Photo Credit: Metro

ဇာကာရီ ဟာ အခုချိန်မှာ အပြောင်းအရွှေ့ ကိစ္စနဲ့ ပတ်သက်ပြီး အလုပ်ရှုပ်နေပြီးတော့ ထိပ်သီးကလပ် အသင်းတစ်သင်းထံကို ပြောင်းရွှေ့ဖို့ အတွက် ဆန္ဒရှိနေပါတယ်။ ဒါဟာ မန်ချက်စတာစီးတီး ဒါမှမဟုတ် ဘိုင်ယန်မြူးနစ် နှစ်သင်းထဲက တစ်သင်းထံ ကို ရောက်ရှိဖို့ များနေပါတယ်။ မိုချန်ဂါလာဘတ် အသင်း အနေနဲ့ ဇာကာရီ ရဲ့ စာချုပ်ဟာ ၂၀၂၂ မှာ ကုန်ဆုံးမာ ဖြစ်တာကြောင့် လာမယ့်နှစ် နွေရာသီမှာ ရောင်းချဖို့ လိုအပ်‌ နေတာ ဖြစ်ပါတယ်။ အရင်တုန်း ကတော့ ဇာကာရီ ဟာ ကောလဟာလ တွေကို ဂျာနယ်လစ်တွေရှေ့မှာ ငြင်းဆန်ခဲ့ဖူးပါတယ်။ “ ကျွန်တော် အများကြီးလည်း ဖတ်ကြည့်ပြီးပါပြီ။ စကားတွေလည်း အများကြီး ပြောပြီးပါပြီ။ အဲ့ဒါတွေက ကောလဟာလ သက်သက်ပါပဲ။ ကျွန်တော် မိုချန်ဂါလာဘတ်မှာ ၁၀၀ ရာခိုင်နှုန်း ရှိနေပြီးတော့ ကျွန်တော့်ရဲ့ နားချိန်မှာတောင် အခြားအသင်း အကြောင်း မတွေးဖြစ်ပါဘူး ” လို့ ငြင်းဆန်သွားခဲ့ပါတယ်။ ဇာကာရီ ကို ခေါ်ယူဖို့ အတွက် ဥရောပ ထိပ်တန်း အသင်းကြီး နှစ်သင်းက ပြိုင်ဆိုင်နေသလို ဇာကာရီ အနေနဲ့ အင်္ဂလန်မြေကိုပဲ နင်းမလား၊ ဂျာမနီ မြေကိုပဲ နင်းမလားဆိုတာတော့ စောင့်ကြည့်ရမှာ ဖြစ်ပါတယ်။