မန်ချက်စတာ စီးတီး အသင်းကတော့ ဘိုရူးရှား မိုချန်ဂလာဘတ် ကွင်းလယ် ကစားသမား ဇာကာရီရာ ကို ပေါင် သန်း ၄၀ နဲ့ ခေါ်ယူဖို့ ပြင်ဆင်နေပြီးတော့ အပြောင်းအရွှေ့ဟာ လာမယ့် နွေရာသီ မှာ ဖြစ်လာနိုင်လိမ့်မယ်လို့ ခန့်မှန်း ရပါတယ်။ မန်စီးတီး အသင်းရဲ့ ဝါရင့် ကွင်းလယ် ကစားသမား ဖြစ်တဲ့ ဖာနန်ဒင်ဟိုရဲ့ စာချုပ်ဟာ လာမယ့် နွေရာသီမှာ ကုန်ဆုံးတော့မှာ ဖြစ်ပြီး အသစ်ခေါ်ယူထားတဲ့ ရိုဒရီ ကလည်း အခုချိန်ထိ ရုန်းကန်နေရတုန်း ဖြစ်ပါတယ်။ ဒါ့ကြောင့်ပဲ ပက်ဂွာဒီယိုလာ အနေနဲ့ ကွင်းလယ် ခံစစ် ‌နေရာမှာ အင်အား ထပ်ဖြည့်ဖို့ လိုအပ်နေတာ ဖြစ်ပါတယ်။ လက်ရှိ မန်စီးတီး အသင်းမှာ ကွင်းလယ် နေရာစုံမှာ ကစားတတ်တဲ့ ကွင်းလယ်လူ တစ်ဦးဖြစ်တဲ့ ဂန်ဒိုဂန် ရှိနေကာ ဂန်ဒိုဂန် ကို လိုအပ်တဲ့ နေရာမှာ ကစားခိုင်းလို့ ရပေမယ့် ဂန်ဒိုဂန် ဟာ ကွင်းလယ်အဖျက်ထက် တိုက်စစ်ကို လိုက်ပါ ကစားတတ်တဲ့ ကစားသမားမျိုး ဖြစ်တာကြောင့် အဆင်မပြေလှပါဘူး။

Photo Credit: Metro

ဇာကာရီရာ ဟာ စီးတီး လိုချင်တဲ့ ပုံစံ အတိုင်း ကွင်းလယ်အဖျက်နေရာမှာ ကစားနိုင်တဲ့ ကစားသမား ဖြစ်တာကြောင့် စီးတီး အနေနဲ့ အထူးစိတ်ဝင်စားနေတာ ဖြစ်ပါတယ်။ လက်ရှိမှာတော့ ဇာကာရီရာဟာ ဒဏ်ရာပြဿနာ တစ်ခုကြောင့် ဂလာဘက်အသင်းရဲ့ ပွဲစဉ်တချို့ကို လွဲချော် ထားရပြီး မိုချန်ဂလာဘတ် အတွက်တော့ သူမရှိတာက အစွမ်းထက်တဲ့ ကစားသမား တစ်ဦးကို ဆုံးရှုံးထားရသလိုပါပဲ။ ဘာလို့လဲဆိုရင် ဇာကာရီရာ ဟာ အန္တရာယ်များတဲ့ ပြိုင်ဘက်အသင်း တိုက်စစ်ကို ဖျက်ထုတ် နိုင်ရုံသာမကပဲနဲ့ တိုက်စစ်နဲ့ ကွင်းလယ်ကို ကောင်းကောင်း ချိတ်ဆက်နိုင်တဲ့ ကစားသမား တစ်ဦးဖြစ်နေလို့ပါပဲ။ အပြောင်းအရွှေ့ သတင်းတွေနဲ့ ပတ်သတ်ရင် ယုံကြည် စိတ်ချရတဲ့ ဂျာမန် သတင်းထောက် ဖော့တ်ရဲ့ အဆိုအရတော့ မန်စီးတီးအသင်း ဟာ ဇာကာရီရာကို သူတို့အသင်းရဲ့ နံပါတ်တစ် ပစ်မှတ်အဖြစ် သတ်မှတ်ထားကြောင်း သိရပါတယ်။

Photo Credit: Metro

ဇာကာရီရာ ဟာ သူ့ရဲ့ အထင်ကြီး စရာကောင်းလှတဲ့ ကစားပုံတွေနဲ့ မိုချန်ဂလာဘတ် အသင်းရဲ့ ကွင်းလယ်ခံစစ်မှာ အကောင်းဆုံး ခြေစွမ်းပြနိုင်ခဲ့တာ ကြောင့် ပြီးခဲ့တဲ့ အပြောင်းအရွှေ့ကာလမှာလည်း အသင်းကြီးတော်တော်များများ စိတ်ဝင်စားမှုကို ခံခဲ့ရပါသေးတယ်။ မန်ချက်စတာယူနိုက်တက်၊ ချယ်လ်ဆီး နဲ့ ဘိုင်ယန်မြူးနစ် တို့ကလည်း ဇာကာရီရာ ကို ခေါ်ယူဖို့ အတွက် အခုချိန်ထိ အနီးကပ်စောင့်ကြည့်နေသေးတယ်လို့လည်း သိရပါတယ်။ လက်ရှိမှာတော့ ကွင်းလယ် ခံစစ်နေရာမှာ ကစားနိုင်တဲ့လူ လိုအပ်နေတဲ့ ဂွာဒီယိုလာရဲ့ မန်စီးတီး အသင်းဟာလည်း ဇာကာရီရာ ကို ခေါ်ယူဖို့ စိတ်ဝင်စားလာခဲ့ပြီးတော့ အသင်းကြီး လေးသင်း အပြိုင်အဆိုင် ထိပ်‌တိုက်တွေ့ဖို့ ရှိနေပါတယ်။