ပရီးမီးယားလိဂ်ရဲ့ နာမည်ကြီးအသင်း ဖြစ်တဲ့ မန်စီးတီးအသင်းဟာ စပိန် အင်အားကြီးအသင်း ဖြစ်တဲ့ ဘာစီလိုနာအသင်းရဲ့ အဓိက တိုက်စစ်မှူး လီယွန်နယ် မက်ဆီကို ခေါ်ယူနိုင်ဖို့ အတွက် ဥပဒေ ပညာရှင်တွေနဲ့ တိုင်ပင်နေတယ်လို့ ESPN သတင်းဌာနက ဖော်ပြသွားခဲ့ပါတယ်။ ဘာစီလိုနာအသင်းနဲ့ အတူ ကမ္ဘာ့အကောင်းဆုံး ကစားသမားဆုကို ၆ကြိမ်အထိ ရရှိထားခဲ့တဲ့ အာဂျင်တီးနား တိုက်စစ်မှူး လီယွန်နယ် မက်ဆီ ဟာ ငယ်စဉ်ကတည်းက ဘာစီလိုနာအသင်းမှာ ကစားလာခဲ့တဲ့သူ ဖြစ်ပြီး ဘာစီလိုနာအသင်းမှာပဲ ကစားသမားဘဝ အဆုံးသတ်ဖို့ စဉ်းစားခဲ့ပေမယ့် ယခုနှစ် အတွင်းမှာ ဖြစ်ပေါ်ခဲ့တဲ့ အသင်းတွင်း ဆက်ဆံရေး အဆင်မပြေမှုတွေ ၊ ကွင်းအတွင်းမှာလည်း ရလဒ်ကောင်းတွေ မရပဲ ဖလားလက်မဲ့ရာသီကို ဖြတ်သန်းခဲ့ရတာတွေဟာ မက်ဆီကို ဘာစီလိုနာအသင်း ကနေ ထွက်ခွာဖို့ တွန်းအားပေးနေတဲ့ အချက်တွေပဲ ဖြစ်ပါတယ်။

Photo Credit: Bleacher Report

အထူးသဖြင့် လီယွန်နယ် မက်ဆီဟာ သူ့ရဲ့ ကစားသမားဘဝ အဆုံးမသတ်မီမှာ ဥရောပ ချန်ပီယံလိဂ် ဖလားကို ထပ်မံ ရယူလိုနေပြီး လက်ရှိ ဘာစီလိုနာအသင်းဟာ ချန်ပီယံလိဂ်ဖလား ကို ရယူနိုင်မယ့် အားအင် မရှိတာကြောင့် မက်ဆီဟာ ချန်ပီယံလိဂ်ဖလား ရနိုင်မယ့် အသင်းကြီး တစ်သင်းထံ ပြောင်းရွှေ့ဖို့ စဉ်းစားနေတာပါ။ ဘာစီလိုနာအသင်းနဲ့ မက်ဆီရဲ့ ကြားမှာ ချုပ်ဆိုထားတဲ့ စာချုပ်သက်တမ်းဟာ တစ်နှစ်သာ ကျန်ရှိတော့တာကြောင့် မက်ဆီအနေနဲ့ လာမယ့် ဘောလုံးရာသီ အကုန်မှာ ဘာစီလိုနာအသင်း ကနေ အလွတ် ပြောင်းရွှေ့ကြေးနဲ့ ထွက်ခွာသွားနိုင်ပေမယ့် မန်စီးတီးအသင်း ကတော့ မက်ဆီကို ခေါ်ယူနိုင်ဖို့ အတွက် အချိန်မဆွဲချင်ပဲ ယခုနှစ် နွေစျေးကွက်အတွင်းမှာပဲ မက်ဆီကို ခေါ်ယူချင်နေပါတယ်။

Photo Credit: Bleacher Report

ထွက်ပေါ်နေတဲ့ သတင်းတွေ အရတော့ မက်ဆီဟာ ဘာစီလိုနာအသင်းနဲ့ စာချုပ်သက်တမ်း တစ်နှစ်သာ ကျန်ရှိတော့ပေမယ့် ဘာစီလိုနာအသင်းကနေ မက်ဆီကို ခေါ်ယူချင်ပါက သူ့ရဲ့ စာချုပ်ဖျက်သိမ်းကြေး ဖြစ်တဲ့ ပေါင်၆၈၀သန်း ကို ပေးချေရဖို့ ရှိနေပြီး အဆိုပါ ငွေကြေး ပမာဏကို မန်စီးတီးအသင်းအနေနဲ့ ပေးချေနိုင်ဖို့ မဖြစ်နိုင်ပါဘူး။ ဒါပေမယ့် နာမည်ကြီး သတင်းဌာန တစ်ခု ဖြစ်တဲ့ ESPN သတင်းဌာနရဲ့ အဆိုအရတော့ မန်စီးတီးအသင်းဟာ FFP စည်းမျဉ်းကို ရှောင်လွှဲကာ မက်ဆီကို ခေါ်ယူနိုင်မယ့် နည်းလမ်းကို ရှာဖွေနေပြီး အကယ်၍ မက်ဆီကို ခေါ်ယူနိုင်မယ့် နည်းလမ်းသာ ရှာတွေ့ပါက အချိန်မဆိုင်းပဲ ခေါ်ယူသွားမှာ ဖြစ်ကြောင်း သိရပါတယ်။ တစ်ဖက်မှာလည်း မက်ဆီဟာ ဘာစီလိုနာအသင်းကနေ ထွက်ခွာလိုနေပြီး ချန်ပီယံလိဂ် ဖလားကို ရယူနိုင်မယ့် စီမံကိန်း ကောင်းကောင်း ရှိတဲ့ အသင်းဆီ ပြောင်းရွှေ့ဖို့ ရည်ရွယ်နေတယ် လို့ မက်ဆီနဲ့ နီးစပ်သူတွေက ဖွင့်ဟထားကြပါတယ်။