မန်ချက်စတာယူနိုက်တက်အသင်းနည်းပြ အဲရစ်တန်ဟက်ဂ်က လာမယ့် Super Sunday မှာ မန်ချက်စတာစီးတီးအသင်းနဲ့ ရင်ဆိုင်ရမယ့် မန်ချက်စတာဒါဘီ ပရီးမီးယားလိဂ်ပွဲစဉ်မှာ မန်စီးတီးအတွက် အရေးပါဆုံး ကစားသမား ဖြစ်နေသူ တိုက်စစ်မှူး အာလင်းဟာလန်း တစ်ဦးတည်းကိုသာ အာရုံစိုက်ထားလို့ မဖြစ်ပဲနဲ့ ကစားသမားအားလုံးကို အာရုံစိုက်ထားဖို့ လိုအပ်တယ်လို့ သတိပေး ပြောကြားလိုက်ပါတယ်။

Photo Credit : Sky Sports

ဒီနှစ် နွေဈေးကွက်ကမှ ဒေါ့မွန်ကနေ မန်စီးတီးအသင်းဆီကို ပြောင်းရွှေ့ရောက်ရှိလာခဲ့တဲ့ ဟာလန်းဟာ ပရီးမီးယားလိဂ်မှာ အလျင်အမြန် အထိုင်ကျခဲ့ပြီး အသင်းအတွက် (၇)ပွဲ ကစားထားပြီးချိန် (၁၁)ဂိုးထိတောင် သွင်းယူထားနိုင်ခဲ့ပါတယ်။ နော်ဝေလက်ရွေးစင် ကြယ်ပွင့်ကစားသမား ဟာလန်းက မန်စီးတီးအတွက် နောက်ဆုံးကစားခဲ့တဲ့ (၇)ပွဲဆက်တိုက်အထိ ဂိုးသွင်းယူထားတာကြောင့် မန်ချက်စတာဒါဘီပွဲမှာ စီးတီးရဲ့ ဂိုးသွင်းစက် ဟာလန်းကို ယူနိုက်တက် ကစားသမားတွေက အာရုံစိုက် ကစားဖို့ အစီအစဉ် ရှိနေပေမယ့် ယူနိုက်တက်နည်းပြ တန်ဟက်ဂ်ကတော့ သူတို့အသင်းသားတွေအနေနဲ့ မန်စီးတီး ကစားသမားတွေ အားလုံးကို အာရုံစိုက်ရမယ်လို့ သတိပေးလိုက်ပါတယ်။

Photo Credit : Sky Sports

မန်ချက်စတာဒါဘီပွဲနဲ့ ပတ်သတ်ပြီး နည်းပြတန်ဟက်ဂ်က “ကျွန်တော်တို့က ဟာလန်းနဲ့ပဲ ကစားရမှာ မဟုတ်ပါဘူး။ မန်စီးတီးနဲ့ ကစားရမှာ။ သူတို့အသင်းမှာက ကစားသမားကောင်းတွေ (၁၁)ယောက်ထက်ကို အများကြီး ပိုင်ဆိုင်ထားတယ်။ ဒါပေမယ့်လည်း ကျွန်တော်တို့တွေ ကျွန်တော်တို့ရဲ့ စွမ်းဆောင်ရည်တွေကို ယုံကြည်ပြီး ဘောလုံးပိုင်ဆိုင်မှု ရှိနေချိန် ဒါမှမဟုတ် မရှိနေချိန်မှာ အသင်းလိုက် သေချာ လုပ်ဆောင်မယ်ဆိုရင်တော့ ဒီလိုပြိုင်ဘက်အသင်းကို အနိုင်ယူနိုင်ပါတယ်။ ဒါက အသင်းလူစာရင်း ထွက်လာချိန်နဲ့ ပွဲကို စတင်ကစားရချိန်မှာပဲ ကျွန်တော်တို့နဲ့အတူ ရှိနေရမယ့် ယုံကြည်မှုဖြစ်ပြီး တနင်္ဂနွေနေ့မှာ ကျွန်တော်တို့တွေ မိနစ်(၉၀)ထက်ကို ပိုမို လုပ်ဆောင်နိုင်ရမယ်ဆိုတာလည်း ရှင်းရှင်းလင်းလင်း သိထားရပါမယ်” လို့ ပြောကြားလိုက်ပါတယ်။ အခုနှစ်ရဲ့ မန်ချက်စတာဒါဘီဟာ ယခင်နှစ်တွေက တွေ့ဆုံမှုတွေထက် ပိုပြီးတော့ကို အကြိတ်အနယ် ရှိလာနိုင်ပြီး အသင်းနှစ်သင်းလုံးကလည်း လတ်တလောမှာ ရလဒ်ကောင်းတွေ ရယူထားနိုင်သလို ခြေစွမ်းပြနေတဲ့ ကစားသမားတွေလည်း ကိုယ်စီပိုင်ဆိုင်ထားလို့ ဆွဲဆောင်မှုကောင်းတဲ့ မန်ချက်စတာဒါဘီပွဲ ဖြစ်လာမှာ သေချာနေပါတယ်။