MySport Myanmar

အဲလ်ဗာရက်ဇ်ကို ထပ်မံ အငှားမချတော့ပဲ အသင်းမှာသာ နေရာပေးသွားမယ့် မန်စီးတီး

မန်ချက်စတာစီးတီးအသင်းဟာ ပြီးခဲ့တဲ့ ဇန်နဝါရီလကမှ အာဂျင်တီးနားကလပ် ရေးဗားပလိတ်အသင်းကနေ ခေါ်ယူထားခဲ့တဲ့ အာဂျင်တီးနား တိုက်စစ်ကစားသမားလေး ယူလီယန်အဲလ်ဗာရက်ဇ်ကို သူရဲ့ ကလပ်အသင်းဟောင်း ရေးဗားပလိတ်အသင်း အပါအဝင် အခြားသော ကလပ်အသင်းတွေဆီ လုံးဝအငှားချသွားတော့မှာ မဟုတ်ပဲ အသင်းမှာသာ နေရာပေးသွားတော့မယ်လို့ သိရှိရပါတယ်။

Photo Credit : Sport Illustrated

အသက်(၂၂)နှစ်အရွှယ်ရှိ အာဂျင်တီးနားလက်ရွေးစင် တိုက်စစ်ကစားသမားလေး အဲလ်ဗာရက်ဇ်ဟာ ပြီးခဲ့တဲ့ ဆောင်းရာသီ အပြောင်းအရွှေ့ ဈေးကွက်တုန်းကမှ ရေးဗားပလိတ်ကနေ မန်စီးတီးအသင်းဆီ ပေါင်(၁၄)သန်းနဲ့ ပြောင်းရွှေ့ခဲ့တာဖြစ်ပြီး မန်စီးတီးက အဲလ်ဗာရက်ဇ်ကို အသင်းမှာ ချက်ချင်း အသုံးမပြုသေးပဲ ရေးဗားပလိတ်အသင်းဆီကိုသာ ရာသီကုန်အထိ အငှားချခဲ့တာ ဖြစ်ပါတယ်။ ၂၀၂၂ခုနှစ်အတွင်းမှာ အဲလ်ဗာရက်ဇ်ဟာ ရေးဗားပလိတ်အသင်းအတွက် ပြိုင်ပွဲစုံပွဲပေါင်း (၁၉)ပွဲထိ ပါဝင်ကစားထားနိုင်ခဲ့ပြီး သွင်းဂိုးစုစုပေါင်း (၁၅)ဂိုး သွင်းယူနိုင်ခဲ့သလို ကိုပါလီဘာတာတေးဒိုးပြိုင်ပွဲမှာလည်း သွင်းဂိုး(၆)ဂိုးထိကို သွင်းယူထားနိုင်ခဲ့ပါတယ်။

Photo Credit : Planet Sport

လက်ရှိမှာ အာဂျင်တီးနား လက်ရွေးစင်အသင်းအတွက်ပါ ပါဝင်ကစားခွင့် ရရှိနေတဲ့ အဲလ်ဗာရက်ဇ်ကို ရေးဗားပလိတ်အသင်းက နောက်တစ်ရာသီ ထပ်မံအငှားနဲ့ ခေါ်ယူချင်နေသလို လီဂူးကလပ် မာဆေးလ်အသင်း အပါအဝင် လာလီဂါ ကလပ်အသင်းတွေကလည်း အဲလ်ဗာရက်ဇ်ကို အငှားကမ်းလှမ်းမှုတွေ လုပ်ဆောင်ချင်လာကြပါတယ်။ မန်စီးတီးအသင်းအနေနဲ့ တိုက်စစ်ပိုင်းအတွက် နော်ဝေကြယ်ပွင့် အာလင်းဟော်လန်းကို ခေါ်ယူအားဖြည့်ထားခဲ့သလို အသင်းမှာလည်း ဂျေဇူး မာရက်ဇ် စတာလင် ဂရီးလစ်ရှ် ဖိုဒန်တို့လို တိုက်စစ်ကစားသမားတွေ ရှိနေတာကြောင့် အဲလ်ဗာရက်ဇ်ကို သူရဲ့အသင်းဟောင်း ရေးဗားပလိတ်ဆီမဟုတ်ပဲ ဥရောပ အတွေ့အကြုံတွေ ပိုင်ဆိုင်နိုင်ဖို့အတွက် ဥရောပ ကလပ်အသင်းတွေဆီ အငှားချလာနိုင်တာကြောင့် မာဆေးလ်အပါအဝင် အသင်းများစွာက အဲလ်ဗာရက်ဇ်ကို ချဉ်းကပ်လာခဲ့ကြပါတယ်။ ဒါပေမယ့်လည်း မန်စီးတီးကတော့ ဟော်လန်းကို ခေါ်ယူထားခဲ့ပြီးရင်တောင် အဲလ်ဗာရက်ဇ်ကိုလည်း အသင်းမှာ နေရာပေးသွားဖို့ ဆန္ဒရှိနေတဲ့အတွက် အငှားထွက်ခွာခွင့်ပြုတော့မှာ မဟုတ်ပဲ အသင်းမှာသာ စတင်အသုံးပြုလာဖွယ် ရှိနေပါတယ်။

Exit mobile version