စပါး အက်စတွန်ဗီလာအသင်းတို့ရဲ့ တိုက်စစ်ကစားသမားဟောင်းကြီးတစ်ဦးဖြစ်တဲ့ ဒါရင်းဘန့်က ပရီးမီးယားလိဂ်ပြိုင်ပွဲရဲ့ လက်ရှိချန်ပီယံ မန်စီးတီးအသင်းအနေနဲ့ စပါးအသင်းရဲ့ တိုက်စစ်ကစားသမား ဟာရီကိန်းကို ခေါ်ယူဖို့ ကြိုးပမ်းနေမယ့်အစား အသင်းရဲ့ကွင်းလယ်ကစား ဒီဘရိုင်းနားရဲ့ ဘယ်ဂျီယံအသင်းဖော် အင်တာမီလန် တိုက်စစ်ကစားသမား လူကာကူကိုသာ ခေါ်ယူသင့်တယ်လို့ တိုက်တွန်းပြောဆိုသွားခဲ့ပါတယ်။

Photo Credit : talkSPORT

မန်စီးတီးအသင်းဟာ အခုနှစ် နွေစျေးကွက်အတွင်းမှာ အသင်းရဲ့ အဓိက တိုက်စစ်ကစားသမား ဆာဂျီယိုအဂွဲရိုးနဲ့ လက်တွဲဖြုတ်ထားခဲ့ရတာဖြစ်လို့ သူ့နေရာမှာ ပြန်လည်အစားထိုးဖို့အတွက် ထိပ်တန်းတိုက်စစ်မှူးတစ်ဦးကို အလိုရှိနေတာဖြစ်သလို လတ်တလောမှာ စပါးတိုက်စစ်မှူး ဟာရီကိန်းကို အဓိကပစ်မှတ်ထားလို့နေပါတယ်။ ဒါပေမယ့် ဟာရီကိန်းကို သူရဲ့ကလပ်အသင်းကနေ ရောင်းချသွားဖို့ ဆန္ဒမရှိပဲ မဖြစ်မနေ ရောင်းချရမယ်ဆိုရင်တောင် ပြောင်းရွှေ့ကြေးကို ပေါင်သန်း(၁၅၀)လောက်အထိ အလိုရှိနေတဲ့အတွက် မန်စီးတီးအနေနဲ့ ဟာရီကိန်းထက်စာရင် ဒီဘရိုင်းနားနဲ့ ပိုပြီးအတွဲအဖက်ညီနိုင်တဲ့ လူကာကူကိုသာ ခေါ်ယူသင့်တယ်လို့ ဒါရင်းဘန့်က အကြံပြုပြောဆိုလာခဲ့ပါတယ်။

Photo Credit : talkSPORT

လူကာကူနဲ့ပတ်သက်ပြီး ဒါရင်းဘန့်က “လူတွေက လူကာကူရဲ့ စံနှုန်းတွေကို မသတ်မှတ်နိုင်အောင် ဆင်ခြင်တွေ ရှာနေကြတယ်လို့ပဲ ကျွန်တော်ထင်မိတယ်။ ခင်ဗျားတို့အနေနဲ့ ဟာရီကိန်းအတွက် ပေါင်သန်း(၁၅၀)ပေးပြီး ခေါ်ယူမလား လူကာကူအတွက် ပေါင်သန်း(၉၀)လောက်ပေးပြီး ခေါ်ယူမလားလို့ ကျွန်တော့်ကို မေးမြန်းမယ်ဆိုရင် ကျွန်တော်ကတော့ လူကာကူကိုပဲ အမြဲရွေးချယ်မိမှာ။ သူနဲ့ ဒီဘရိုင်းနားတို့က ယခင်ကတည်းကကို တွဲဖက်ကောင်းတွေ ဖြစ်ပြီးသားပါ။ ဒါကြောင့် သူတို့(၂)ယောက်ကိုသာ ကလပ်တစ်သင်းတည်းမှာ တွဲဖက်ကစားစေမယ်ဆိုရင် အရမ်းကောင်းသွားလိမ့်မယ်” လို့ ထုတ်ဖော်ပြောဆိုခဲ့ပြီး သူရဲ့တိုက်တွန်းစကားကိုလည်း Talk Sport အားကစားသတင်းမီဒီယာမှာ တွဲဖက်လုပ်ဆောင်နေတဲ့ ဘောလုံးသမားဟောင်း အိုဟားရားကလည်း ထောက်ခံပြောဆိုသွားခဲ့ပါတယ်။ သူတို့ရဲ့ တိုက်တွန်းပြောဆိုမှုတွေ ရှိနေပေမယ့်လည်း လူကာကူကိုယ်တိုင်ကတော့ သူ့အနေနဲ့ အင်တာမှာ ပျော်ရွှင်လျက်ရှိနေပြီး အသင်းပြောင်းဖို့ဆိုတာ မဖြစ်နိုင်သေးဘူးလို့ ပြောဆိုထားခဲ့တာကြောင့် မန်စီးတီးဘက်က တိုက်စစ်မှူးဟာရီကိန်းကိုပဲ ဆက်လက်ပစ်မှတ်ထားနေရတာဖြစ်သလို ဗီလာအသင်းခေါင်းဆောင် ဂရီးလစ်ရှ်ကိုလည်း အလိုရှိနေတာဖြစ်ပါတယ်။