ပရီးမီးယားလိဂ်ရဲ့ နာမည်ကြီးအသင်းဖြစ်တဲ့ မန်စီးတီးအသင်းဟာ ၂၀၁၇ ခုနှစ်မှာ သူတို့ အသင်းကနေ ဘွန်ဒက်လီဂါကလပ် ဒေါ့မွန် အသင်းထံကို ပြောင်းရွှေ့သွားခဲ့တဲ့ လူငယ် တောင်ပံ ကစားသမား ဆန်ချိုကို ခေါ်ယူဖို့ စတင် ကမ်းလှမ်းတော့မှာ ဖြစ်တယ်လို့ ဂျာမန် အခြေစိုက် သတင်းအများစုက ဖော်ပြလိုက်ကြပါတယ်။ မန်စီးတီးအသင်းရဲ့ နည်းပြဖြစ်သူ ဂွာဒီယိုလာက အသင်းရဲ့ လူငယ် တောင်ပံ ကစားသမားဖြစ်တဲ့ ဆာနေးဟာ အသင်းနဲ့ စာချုပ် သက်တမ်းတိုးဖို့ ငြင်းဆန်ခဲ့တာကြောင့် ရာသီကုန်မှာ အသင်းကနေ ရောင်းထုတ်သွားတော့မှာ ဖြစ်တယ်လို့ ယမန်နေ့က ကြေညာခဲ့ပြီး ယခု အခါမှာတော့ ဆာနေးကြောင့် အားနည်းသွားတဲ့ တောင်ပံတိုက်စစ် အတွက် ဆန်ချိုကို ပြန်လည် ခေါ်ယူကာ အစားထိုးဖို့ ပြင်ဆင်နေတာပါ။

Photo Credit: Metro

အသက်၂၄နှစ်အရွယ် ဂျာမန် တောင်ပံ ကစားသမား ဆာနေးဟာ ၂၀၁၆ ခုနှစ်မှာ ရှော်ကေး အသင်းကနေ မန်စီးတီးအသင်းထံကို ပြောင်းရွှေ့ကြေး ယူရို၃၀သန်းနဲ့ ပြောင်းရွှေ့လာခဲ့သူ ဖြစ်ပြီး အသင်းနဲ့အတူ စာချုပ်သက်တမ်း အနည်းငယ် ကျန်ရှိသေးပေမယ့် စာချုပ်သစ်ကို လက်မှတ်ထိုးဖို့ ငြင်းဆန်ခဲ့တာကြောင့် လက်ရှိ ဘောလုံးရာသီအကုန်မှာပဲ မန်စီးတီးအသင်း ကနေ ရောင်းချခံရတော့မှာပါ။ ဆာနေးကို ခေါ်ယူဖို့အတွက်တော့ ဂျာမန် အင်အားကြီး အသင်းဖြစ်တဲ့ ဘိုင်ယန်မြူးနစ်အသင်းက ကြိုးစားနေတာ ဖြစ်ပြီး ဘိုင်ယန်မြူးနစ်အသင်းဟာ ဆာနေးအတွက် မန်စီးတီးအသင်းကို ပြောင်းရွှေ့ကြေး ပေါင်၆၀သန်းခန့် ပေးချေရဖွယ် ရှိနေကြောင်း ဂျာမန်အခြေစိုက် ဘောလုံးသတင်းဌာနတွေက ဖော်ပြထားကြပါတယ်။ မန်စီးတီး အသင်းဟာ ဆာနေးကို ရောင်းချရာကနေ ရလာတဲ့ ငွေကြေးကို ထပ်မံစိုက်ပြီး ဆန်ချိုကို ခေါ်ယူမှာလို့လည်း သိရပါတယ်။

Photo Credit: Metro

အသက်၂၀အရွယ်သာ ရှိသေးတဲ့ ဒေါ့မွန် အသင်းရဲ့ တောင်ပံ ကစားသမား ဆန်ချိုကို ခေါ်ယူဖို့အတွက် လက်ရှိအချိန်မှာ မန်စီးတီး အသင်းရဲ့ မြို့ခံပြိုင်ဘက် မန်ယူအသင်း ၊ ချယ်လ်ဆီးအသင်းနဲ့ လီဗာပူးအသင်းတို့က စိတ်ဝင်စား နေကြပြီး အဆိုပါ အသင်းတွေထဲမှာ မန်ယူအသင်းဟာ အခြေအနေ အကောင်းဆုံး အသင်း ဖြစ်လို့နေပါတယ်။ ဒါပေမယ့် ဂျာမန် အခြေစိုက် သတင်းဌာနတွေရဲ့ ဖော်ပြချက် အရတော့ ဆန်ချိုဟာ လက်ရှိ ဘောလုံးရာသီ အကုန်မှာ ဒေါ့မွန်အသင်းကနေ ပြောင်းရွှေ့ဖို့ ဆုံးဖြတ်ထားပြီးပြီ ဖြစ်ပေမယ့် ဘယ်အသင်းကို ပြောင်းရွှေ့မလဲဆိုတာ မဆုံးဖြတ်ရသေးဘူးလို့ သိရကာ ဒေါ့မွန်အသင်းတောင်းဆိုတဲ့ ပြောင်းရွှေ့ကြေးကို ပေးချေဖို့အတွက် မန်ယူအသင်း ဘက်က အနည်းငယ် တွန့်ဆုတ်နေတာကြောင့် မန်စီးတီးအသင်းဟာ ဆန်ချိုကို ခေါ်ယူဖို့ ပိုမို နီးစပ်နေခဲ့တယ်လို့ သိရပါတယ်​။ ဒေါ့မွန်အသင်း ဘက်ကတော့ ဆန်ချိုအတွက် ပြောင်းရွှေ့ကြေး ပေါင်၁၂၀သန်းဝန်းကျင်လောက် အလိုရှိနေကြောင်း သိထားရပါတယ်။