ပရီးမီးယားလိဂ် အင်အားကြီး အသင်းတစ်သင်း ဖြစ်တဲ့ မန်ချက်စတာ စီးတီးအသင်းဟာ သူတို့အသင်းရဲ့ မြို့ခံပြိုင်ဘက် မန်ချက်စတာ ယူနိုက်တက် အသင်းရဲ့ တိုက်စစ်မှူး ဖြစ်သူ မားကပ် ရက်ဖို့ဒ်ကို လူငယ် ကစားသမား ဘဝမှာ ကတည်းက ခေါ်ယူဖို့ နှစ်ကြိမ်တိုင်တိုင် ကြိုးစားခဲ့ဖူးကြောင်း အင်္ဂလန် အခြေစိုက် သတင်းဌာနတွေရဲ့ ဖော်ပြချက်အရ သိရှိရပါတယ်။ အသက် ၂၃နှစ် အရွယ်သာ ရှိသေးတဲ့ မားကပ် ရက်ဖို့ဒ်ဟာ အသက်အရွယ် ငယ်ရွယ်သေးပေမယ့် မန်ချက်စတာ ယူနိုက်တက် အသင်းရဲ့ အဓိက တိုက်စစ်မှူး အဖြစ် သတ်မှတ် ခံထားရသူ တစ်ဦးဖြစ်ပြီး လက်ရှိ ဘောလုံးရာသီမှာလည်း အသင်းအတွက် ပြိုင်ပွဲစုံမှာ ပွဲ၂၀ ပါဝင် ကစားပေးထားကာ ၁၂ဂိုး သွင်းယူ ပေးထားပြီး ဂိုးဖန်တီးမှု ၅ကြိမ်အထိ ပြုလုပ် ထားနိုင်သူပါ။

Photo Credit: SportBible

ရက်ဖို့ဒ်ဟာ ငယ်စဉ်ကတည်းက မန်ချက်စတာ ယူနိုက်တက် အသင်းထံ ရောက်ရှိခဲ့တဲ့ ကစားသမား တစ်ဦးဖြစ်ပြီး အသင်းရဲ့ အကယ်ဒမီထွက် ကြယ်ပွင့် ကစားသမားပဲ ဖြစ်ပါတယ်။ မားကပ် ရက်ဖို့ဒ်နဲ့ အတူ မန်ချက်စတာ ယူနိုက်တက် အသင်းရဲ့ အကယ်ဒမီမှာ အတူ တွဲဖက် ကစားခဲ့ဖူးတဲ့ ရော့ဘ်ဆင် ဘက်ပ်လေရဲ့ ပြောဆိုချက် အရတော့ မန်ချက်စတာ ယူနိုက်တက် အသင်းရဲ့ မြို့ခံပြိုင်ဘက် အသင်းဖြစ်တဲ့ မန်ချက်စတာ စီးတီးအသင်းဟာ ရက်ဖို့ဒ်ကို ခေါ်ယူဖို့ နှစ်ကြိမ်တိုင်တိုင် ကြိုးစားခဲ့ဖူးပြီး တစ်ကြိမ်မှာ ဆိုရင် ရက်ဖို့ဒ်ကို အိမ်တစ်လုံးနဲ့ လိုအပ်တဲ့ ပစ္စည်းတွေ ဝယ်ပေးမယ် ဆိုတဲ့ ကမ်းလှမ်းချက်ပါ ပါဝင်ခဲ့ကြောင်း သိရပါတယ်။ ဒါပေမယ့် ရက်ဖို့ဒ် ကတော့ မန်ချက်စတာ စီးတီးအသင်းရဲ့ ကမ်းလှမ်းချက် နှစ်ခုစလုံးကို ပယ်ချခဲ့ပြီး မန်ချက်စတာ ယူနိုက်တက် အသင်းအတွက်သာ ဆက်လက် ကစားဖို့ ဆုံးဖြတ်ခဲ့ပါတယ်။

Photo Credit: SportBible

မန်ချက်စတာ စီးတီးအသင်းက ရက်ဖို့ဒ်ကို ခေါ်ယူဖို့ ကြိုးစားခဲ့တဲ့ အကြောင်းကို ဘက်ပ်လေက အခုလိုပဲ ပြောကြား သွားခဲ့ပါတယ်။ ဘက်ပ်လေက “စီးတီးအသင်းက သူ့ကို ခေါ်ယူဖို့ သူ အသက် ၁၃နှစ် အရွယ်မှာ စပြီး ကြိုးစားခဲ့ပါတယ်။ သူတို့က သူ့ကို အိမ်တစ်လုံးနဲ့ တခြား လိုအပ်တာတွေ အားလုံး ဝယ်ပေးမယ်လို့ ပြောပါတယ်။ ဒါပေမယ့် မားကပ်ကတော့ ယူနိုက်တက် အသင်းကိုပဲ တောက်လျှောက် ရွေးချယ်ခဲ့ပါတယ်။ သူက အမြဲတမ်း ယူနိုက်တက် အတွက်ပဲ ကစားပေးချင်ခဲ့တာပါ” လို့ ဖွင့်ဟ သွားခဲ့ပါတယ်။ ရက်ဖို့ဒ်ဟာ ငယ်စဉ်ကတည်းက မန်ချက်စတာ ယူနိုက်တက် အသင်းရဲ့ ပရိသတ်တစ်ဦး ဖြစ်ပြီး သူဟာ မန်ချက်စတာ ယူနိုက်တက် အသင်းမှာ ကစားသမားဘဝ ပြီးဆုံးသည် အထိ ဆက်နေချင်တဲ့ အကြောင်းကို မကြာမီကမှ ထုတ်ဖော် ပြောကြား ထားခဲ့ပါတယ်။